ရေးမြို့အထွက်ရှိ စစ်ဆေးရေးကင်းဂိတ်ကို MSROအဖွဲ့ ဝင်ရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား သေဆုံးပြီး ၂ဦးဒဏ်ရာရ

ရေးမြို့အထွက်ရှိ စစ်ဆေးရေးကင်းဂိတ်ကို MSROအဖွဲ့ ဝင်ရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား သေဆုံးပြီး ၂ဦးဒဏ်ရာရ

ဇူလိုင်လ ၂၇ ရက်

မွန်ပြည်နယ် ရေးမြို့အထွက် တံတားကြီးထိပ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးကင်းဂိတ်ကို မွန်ပြည်နယ် အခြေပြုတော်လှန်ရေး အဖွဲ့အစည်း (MSRO) က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးကာ အထိအခိုက်များကြောင်း ယနေ့ ဇူလိုင်လ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။

ထိုစစ်ဆေးရေးဂိတ်သည် ရေးမြို့မှ ထားဝယ်မြို့သို့ သွားသည့်လမ်းပေါ်တွင် ရှိပြီး ယနေ့ မနက် ၇နာရီအချိန်ခန့်တွင် ပစ်ခိုက်တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

" အဲ့ဂိတ်မှာ စစ်သားတွေချည်းပဲဗျ၊ဂိတ်အဝမှာတော့တစ်ယောက်ရှိနေတယ်၊ ဘန်ကာထဲမှာတော့အတိအကျမသိရဘူးဗျ၊ ဘန်ကာကိုလည်း ရှယ်ပစ်ခဲ့တယ်၊ M4-2လက်၊ AK-1လက်နဲ့ ပစ်တာပါ၊ AK,7.62ကျည် -27တောင့် နဲ့ M4,5.56ကျည် -50တောင့် ဝန်းကျင်ကုန်ခဲ့တယ် ၊ စကစဘက်က တစ်ဦးသေပြီး နှစ်ဦးဒဏ်ရာရတယ်လို့ သိရတယ် " ဟု ပစ်ခတ်မှုတွင် ပါဝင်သည့် MSROမှ ရဲဘော်က မဇ္ဈိမကို ပြောသည်။

အဆိုပါစစ်ဆင်ရေးသည် ဦးဂျင်မီ၊ ဦးဇေယျာသော်နဲ့တကွ ကျဆုံးခဲ့သည့် တော်လှန်ရေးရဲဘော်များအတွက် သွေးကြွေးဆပ်သော စစ်ဆင်ရေး အမှတ်စဉ် (၁) ဖြစ်ကြောင်းလည်း အသိပေးထားသည်။

" မနက်အစောကြီး ဆွမ်းထချက်နေတော့ သေနတ်သံတွေ ကြားလိုက်ရတယ်၊ နောက်မှ စစ်ဆေးရေးဂိတ်ပစ်ခံရတယ်ဆိုတာ သူများတွေပြောနေကြလို့ သိရတာ၊ ပြီးတော့ ဂိတ်ကို တစ်နာရီလောက်ပိတ်ထားလို့ ဖြတ်သွားလို့ မရကြဘူး၊ အခုတော့ ပုံမှန်အတိုင်း သွားလာနေကြပြီ" ဟု ရေးမြို့ခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီမှ ဦးဂျင်မီ၊ ဦးဇေယျာသော်အပါအဝင် အကျဉ်းသား လေးဦးကို ကြိုးပေးသတ်ခဲ့သည်ဟု ဇူလိုင်လ ၂၄ရက်က ထုတ်ပြန်ခဲ့ပြီးနောက် ဒေသအသီးသီးမှ တော်လှန်ရေးအင်အားစုများက စစ်ဆင်ရေးများကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly