မြို့လယ်ကောင်မှာ လမ်းမပေါ် ကျူးကျော်ရင် ရသလား

မြို့လယ်ကောင်မှာ လမ်းမပေါ် ကျူးကျော်ရင် ရသလား

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်မှာနေတဲ့ ဒေါ်ဆွေဆွေ တင် ရေးပို့လိုက်တဲ့ မေးလ်တစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ သူစာထဲမှာ ရေးထားတာကတော့ စာဖတ်သူကဏ္ဍကို မကြာခဏ ရောက်ရှိလာတဲ့ စာတွေထဲကလို လမ်းပေါ်မှာ စည်းကမ်းမဲ့ ဈေးဆိုင်ဖွင့်လှစ် ရောင်းချနေလို့ ကားနဲ့ လမ်းခရီးသွားတွေ အခက်အခဲ တွေ့ကြုံနေရ တာကို သိစေချင်လို့ပါလို့ ဆိုပါတယ်။

သူဟာ ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ပြီး သူ့ရဲ့ လုပ်ငန်းသဘာဝအရ ရန်ကုန်မြို့တွင်းရှိ ဆိုင်တွေကို နေ့စဉ် သွားရောက်ရသူတစ်ဦး ဖြစ်တယ်လို့ ပြောပါတယ်။ သူသွားတဲ့လမ်းတွေက များသော အားဖြင့် ကျောက်တံတားမြို့နယ်မှာ ရှိကြပြီး အခြားမြို့နယ်တွေထက် သူနေတဲ့ မြို့နယ်မှာရှိတဲ့ လမ်းတွေ က ထူးခြားလို့ ပြောပြချင်လို့ပါ။ ဘယ်လို ထူးခြားသလဲဆိုရင် ရန်ကုန်မြို့လယ်ရဲ့ ထုံးစံအတိုင်း အခြား မြို့နယ်များမှာလည်း အိမ်ရှေ့ဈေးဆိုင် တည်ကြတာ ဖြစ်ပေမယ့် ကျောက်တံတားမြို့နယ်ကတော့ လမ်းမပေါ်အထိ ဈေးဆိုင် တည်ကြပါတယ်။

မိမိ အိမ်ရှေ့ထက် ကျော်လွန်ပြီး လမ်းမပေါ်အထိ ရောင်စုံရွက်ဖျင်း သံကိုင်းအမိုးကြီးတွေနဲ့ ခင်းပြီး ရောင်းကြတာလို့ ပြောပါတယ်။ လမ်းလျှောက်နေတဲ့ သူက ကားနဲ့ ဈေးဆိုင်ကို ရှောင်ပြီး ခက်ခက်ခဲခဲ လမ်းလျှောက်ရသလို ကားကလည်း ဈေးဆိုင်နဲ့ လူတွေကို မနည်းလွတ်အောင် မောင်းကြပေမယ့် မကြာခဏ ထိခိုက်မိလို့ ပြဿနာ ဖြစ်ကြရတယ်လို့ ဆိုပါတယ်။

လမ်းမကျယ်ကြီးတွေဖြစ်တဲ့ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်းမကြီးတွေရဲ့ ပလက်ဖောင်း မှာ ဈေးဗန်းခင်းပြီး ရောင်းတာကမှ ရှောင်သွားလို့ အဆင်ပြေပါသေးတယ်။ အခုဟာက လမ်းကျဉ်းတွေ မှာ အိမ်ရှေ့ဈေးရောင်းတာ၊ လွတ်တဲ့နေရာမှာ လမ်းထဲ ဈေးရောင်းတာက အခိုင်အခန့် ဆောက်ပြီး နေရာယူထားတဲ့အတွက် လမ်းသွားဖို့ ကားသွားဖို့နေရာက ကျဉ်းသွားပါတယ်။

မြို့ထဲသွားလာနေတဲ့ နိုင်ငံခြား ခရီးသွားတွေကတောင် လမ်းပေါ်အထိ ဈေးရောင်တဲ့ ဆိုင်တွေကို မမြင်ဖူးလို့လား မသိဘူး ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်နေကြတာကို မကြာခဏ တွေ့မြင်နေရပါတယ်။ သတင်းစာနဲ့ ဂျာနယ်တွေ ထဲမှာ ရေးထားတဲ့အတိုင်း စည်းကမ်းတကျ ရောင်းစေဖို့ မြို့နယ်အုပ်ချုပ်သူတွေနဲ့ စည်ပင်မှာ တာဝန်ရှိ ပါတယ်။ အရေးယူရမှာကို မယူဘဲ ဒီအတိုင်း ကြည့်နေရင် မြန်မာလူမျိုး ထုံးစံအတိုင်း ရှေ့လူလုပ်တဲ့အ တိုင်း လိုက်လုပ်နေကြရင် ဘယ်အစိုးရတက်တက် စည်းကမ်းရှိတဲ့ ပြည်သူတွေနဲ့ နိုင်ငံတော် ဖြစ်လာ မှာ မဟုတ်ပါဘူး။

ဒါကြောင့် မြို့တော် သန့်ရှင်းရေးအတွက်၊ ကျော်တံတားမြို့နယ် သန့်ရှင်းသာယာ ရေးအတွက် တာဝန်ရှိသူများမှ အရေးယူ ဆောင်ရွက်ပြီး ဖယ်ရှား ရှင်းလင်းပေးပါလို့ မဇ္ဈိမ စာဖတ်သူ ကဏ္ဍမှတဆင့် တင်ပြပါတယ်လို့ ရေးလာတဲ့ စာကို ဖော်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly