တရုတ်တွင် ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်များကို တိုးမြှင့် လုပ်ကိုင်ခွင့်ပြု

တရုတ်တွင် ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်များကို တိုးမြှင့် လုပ်ကိုင်ခွင့်ပြု

တရုတ်အာဏာပိုင်များက လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် စီးပွားရေးထိခိုက်မည့် အန္တရာယ်ကို လျှော့ချရန် ကြိုးပမ်းသည့်အနေဖြင့် ၂၀၂၂ခုနှစ်အတွင်း ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်များ လုပ်ကိုင်ခွင့် ပိုမိုပေးလိုက်ကြောင်း Greenpeace အဖွဲ့က ထုတ်ပြန်လိုက်သည်။

တရုတ်သည် ကမ္ဘာကြီးပူနွေးလာမှုကို ဖြစ်စေသော ဖန်လုံအိမ်ဓာတ်ငွေ့ကို အများဆုံး ထုတ်လွှတ် သည့်နိုင်ငံဖြစ်သည်။ မျှော်မှန်းထားသည့် အမျိုးသားရာသီဥတု ဆိုင်ရာ ကတိကဝတ်များ၏ အစိတ်အပိုင်းအဖြစ် ၂၀၂၆ခုနှစ်မှ စတင်၍ ကျောက်မီးသွေးအသုံးပြုမှုကို အဆင့်လိုက်လျော့ချရန် ၂၀၂၁ခုနှစ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ကတိပြုခဲ့သည်။

သို့သော် ကမ္ဘာတစ်ဝန်းတွင် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို ခံစားနေ ကြရသည့်တိုင် စီးပွားရေး စိန်ခေါ်မှုများအပေါ်သာ အာရုံစိုက်နေသော အစိုးရကြောင့် အဆိုပါလျာထားချက်များ ခြိမ်းခြောက်ခံနေရမည်ကို တက်ကြွလှုပ်ရှားသူများက စိုးရိမ်နေသည်။

၂၀၂၂ခုနှစ် ပထမသုံးလပတ်တွင် တရုတ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များသည် စုစုပေါင်းစွမ်းရည် ၈ ဒသမ ၆၃ ဂ္ဂဂါဝပ်ရှိသည့် ကျောက်မီးသွေးစက်ရုံများကို ခွင့်ပြုခဲ့ကြောင်း Greenpeace မှ သုတေသနပြုတွေ့ရှိခဲ့သည်။

ယင်းသည် ၂၀၂၁ခုနှစ်က အတည်ပြုခဲ့သည့် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံအားလုံး၏ ထက်ဝက် နီးပါးဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ပြောကြားခဲ့သည်။

“ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပမာဏ ပိုမိုတည်ဆောက်တာက တရုတ်အတွက် စွမ်းအင်လုံခြုံမှုကို မပေးနိုင်ပါဘူး” ဟု ပေကျင်းရှိ Greenpeace မှ ရာသီဥတုနှင့် စွမ်းအင်ဆိုင်ရာလှုံ့ဆော်ရေးသမား ဝူကျန်းဟန် က ပြောကြားခဲ့သည်။

“တရုတ်မှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ များနေပါတယ်။ ဓာတ်အားမလုံလောက်တာက ထုတ်လုပ်မှု၊ သွယ်တန်းချိတ်ဆက်မှု၊ ဝန်အားနဲ့ သိုလှောင်မှုတို့ ညံ့ဖျင်းတဲ့ ပေါင်းစပ်မှုကြောင့်ပါ” ဟု ဝူ က ပြောသည်။

တရုတ်တွင် ပြင်းထန်သောအပူလှိုင်းကို ကြုံတွေ့နေရပြီး လူအများအေးမြစေရန် အိမ်များနှင့် စီးပွားရေးလုပ်ငန်း များတွင် လေအေးပေးစက်များ တပ်ဆင်ထားခြင်းကြောင့် ၂၀၂၂ခုနှစ်နွေရာသီတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု မြင့်တက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required