“တပ်နဲ့ အင်န်အယ်လ်ဒီ အသွင်ကူးပြောင်းရေးကိစ္စ၊ တကယ်ပဲ ညှိနှိုင်းရ ခက်နေသလား”

“တပ်နဲ့ အင်န်အယ်လ်ဒီ အသွင်ကူးပြောင်းရေးကိစ္စ၊ တကယ်ပဲ ညှိနှိုင်းရ ခက်နေသလား”

ပြီးခဲ့တဲ့ ရက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေထဲကမှ စိတ်မချမ်းမြေ့စရာ သတင်းတစ်ပုဒ်က တော့ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး တပ်နဲ့ အင်န်အယ်လ်ဒီ ညှိနှိုင်းရ ခက်ခဲနေတယ် ဆိုတဲ့ သတင်း ပါပဲ။ သတင်းထဲ ထောက်ပြထားတဲ့ အချက်တွေကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကနေ အင်န်အယ်လ်ဒီ ဘက်ကို ကချင်၊ ရှမ်း၊ ရခိုင် နဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နေရာတွေပေးဖို့ တောင်းဆို တယ်ဆိုတဲ့ ကိစ္စ၊ အင်န်အယ်လ်ဒီ ဘက်က ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ရ အောင် ပုဒ်မ ၅၉(စ) ဆိုင်းငံ့ဖို့ လုပ်မှာကို တပ်ဖက်က သဘောမတူနိုင်ဘူး ဆိုတဲ့ ကိစ္စ၊ ဦးသိန်းစိန် အစိုးရနဲ့ တပ်မတော်ဘက်က ရန်သူလို့ သတ်မှတ်ထားတဲ့ သူရဦးရွှေမန်းကို ဒေါ်အောင်ဆန်းစု ကြည်က လွှတ်တော်ရဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင် အကြီးအကဲ အဖြစ် ခန့်အပ်လိုက်တဲ့ ကိစ္စ စတာတွေ ပါတယ်လို့ ဆိုထားပါတယ်။ တကယ်ပဲ တပ်နဲ့ အင်န်အယ်လ်ဒီ ညှိနှိုင်းရ ခက်ခဲနေသလား၊ ပြသနာတွေ ပြေလည်အောင် ဘယ်လို လုပ်နိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးကြည့်ကြရအောင်။

ဒီ ပြဿနာနဲ့ ပတ်သက်ရင် ပထမဦးဆုံး ကြည့်ဖို့ လိုတာက လက်ရှိ အသွင်ကူးပြောင်းရေးကို ဘယ်အပေါ်မှာ အခြေခံပြီး ဆောင်ရွက်နေကြသလဲ ဆိုတာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ နဲ့ ၂၀၁၅ ရွေးကောက်ပွဲ ရလာဒ်အပေါ်မှာ အခြေခံတဲ့ အသွင်ကူးပြောင်းရေးပါ။ ဒါနဲ့ ပတ်သက်ပြီး အသွင်ကူးပြောင်းရေးမှာ အရေးပါတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘက်ကရော၊ သမ္မတ ဦးသိန်းစိန် ဘက်ကပါ ပေါ်ပေါက်လာမယ့် အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ကို အသိအမှတ်ပြုတယ်၊ ပူးပေါင်း ဆောင်ရွက်သွားမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ အညီ တာဝန်တွေကို လွဲှပြောင်းပေးမယ် လို့ ကတိပြု ပြော ဆိုထားပြီး ဖြစ်ပါတယ်။ အလားတူ ဒုတိယ အကြိမ် လွှတ်တော် သက်တန်းကာလ အစ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အမတ်တွေ အားလုံး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိမ်းသိမ်း ကာကွယ် စောင့်ရှောက်ပါ့မယ် ဆိုပြီး ကတိသစ္စာ ပြုထားကြပြီ ဖြစ်ပါတယ်။

ဒီ အတွက် အသွင်ကူးပြောင်းရေး ဆိုင်ရာ ပြသနာတွေကို ဖြေရှင်းရာမှာ အဓိက အကျဆုံးကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အခြေခံပြီး ဖြေရှင်းသွားဖို့ လိုပါတယ်။ ဒုတိယ အရေးကြီးတာက အင်န်အယ်လ်ဒီနဲ့ တပ်မတော်ဟာ လာမယ့် အနာဂတ်ကာလ တွေမှာ တိုင်းပြည်နဲ့ ပြည်သူတွေ အကျိုးစီးပွားအတွက် အတူ လက်တွဲ အကောင်အထည် ဖော်သွားကြရမယ့် အဖွဲ့အစည်းတွေ ဖြစ်လေတော့ တစ်ဦးစိတ် အနှောင့်အယှက်ဖြစ်အောင် တစ်ဦး မလုပ်ကြပဲ၊ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် လုပ်ကိုင်ဆောင် ရွက်သွားကြဖို့ပဲ ဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘက်က ကချင်၊ ရှမ်း၊ ရခိုင် နဲ့ ရန်ကုန် ဝန်ကြီးချုပ်နေရာ တွေ ပေးဖို့ တောင်းဆိုတယ်ဆိုတဲ့ ကိစ္စ အင်န်အယ်လ်ဒီ ဘက်ကနေ အတည်ပြု ပြောဆိုထားပါတယ်။ တပ်မတော်ဘက်ကတော့ တည်ငြိမ်မှု မရှိလို့၊ အရေးကြီးတဲ့ နေရာဖြစ်လို့ အဲဒီ တိုင်းနဲ့ ပြည်နယ် လေးခုကို ကိုင်တွယ်လိုတယ်လို့ ဆိုထားတာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေကို သမ္မတ က တိုက်ရိုက် ခန့်အပ်တာ ဖြစ်လေတော့ ဒီ ဝန်ကြီးချုပ် လေးယောက် ကိုလည်း အင်န်အယ်လ်ဒီ သမ္မတ က ခန့်အပ်မှာပါ။ အဲဒီ ပြည်နယ်နဲ့ တိုင်းတွေနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ ဘက်မှာလည်း သူ့ အစီအစဉ်နဲ့ သူ ရှိကောင်း ရှိနိုင်ပါတယ်။ ဒီ ဝန်ကြီးချုပ် လေးနေရာ အတွက် ညှိတာကတော့ ညှိကြပါ။ ဒါပေမယ့် အင်န်အယ်လ်ဒီ ဘက်က သူ့ပါတီဝင်ကိုပဲ ဝန်ကြီးချုပ်တွေ ခန့်လိုက်မယ် ဆိုရင်လည်း တပ်မတော်ဘက်က စိတ်မဆိုးရပါဘူး။ အင်န်အယ်လ်ဒီ ကို နားလည်ပေးဖို့ လိုပါတယ်။ ဒါဟာ ဖွဲ့စည်းပုံနဲ့ အညီ လုပ်လို့ ဖြစ်ပါတယ်။

အလားတူ အင်န်အယ်လ်ဒီ ဘက်က ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး လမ်းပွင့်အောင် လုပ်မယ့် ကိစ္စတွေမှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီပဲ စဉ်းစားသင့်ပါတယ်။ ၅၉(စ) ကို ဆိုင်းငံ့တာဟာ ဖွဲ့စည်းပုံနဲ့ ညီတယ်၊ မညီဘူး အငြင်းပွားမှု ရှိခဲ့ရင်လည်း ပြသနာတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တွေ အတိုင်း ဖြေရှင်းသွားရမှာဖြစ်ပါတယ်။ ၅၉(စ) ကို ဆိုင်းငံ့တဲ့ လှုပ်ရှားမှု လုပ်လာတာကို တပ်မတော်ဘက်က စိတ်မဆိုးသင့်သလို၊ ဒါကို ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ တပ်မတော်ဘက်က ကန့်ကွက်လာရင်လည်း အင်န်အယ်လ်ဒီ ဘက်က မငြိုငြင်သင့်ပါဘူး။

ဖွဲ့စည်းပုံပါ ပြဌာန်းချက်တွေ အတိုင်း အေးအေးချမ်းချမ်း ဖြေရှင်းသင့်ပါတယ်။ ဒီ ပြသနာ ဖြေရှင်းရာမှာ တွေ့ဆုံ ဆွေးနွေး အဖြေရှာတာဟာ အကောင်းဆုံးဖြစ်ပြီး တစ်ဖက်နဲ့ တစ်ဖက် လက်ဦးမှုယူ လုပ်ကိုင်ဆောင် ရွက်တာမျိုး ရှောင်ရှားသင့်ပါတယ်။ ခုဆိုရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံလိုပါတယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ဘက်က ကမ်းလှမ်းထားပြီးပါပြီ။ မကြာခင် တွေ့ဆုံကြပါလိမ့်မယ်။

သူရဦးရွှေမန်းကို လွှတ်တော် အထူးကိစ္စရပ်များ ဆိုင်ရာ ကော်မရှင် အကြီးအကဲ ခန့်အပ်တယ် ဆိုတာကလည်း သူရဦးရွှေမန်း အပေါ် တစ်စုံတစ်ရာ အန္တရာယ် ကျရောက်မလာအောင် အကာအ ကွယ်ပေးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဘက်က ရှေ့ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ သမ္မတဦးသိန်းစိန်၊ တပ်ချုပ်မင်းအောင်လှိုင် နဲ့ သူရဦးရွှေမန်း တို့ကြားက ကြီးမားလှတဲ့ ဂိုဏ်းဂဏ တိုက်ပွဲကြီးကို လေးနက်ဖို့ လိုပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် အသေအကြေ တိုက်ခိုက် ကြတာ ဖြစ်ပါတယ်။

အခု ရွေးကောက်ပွဲပြီးတဲ့အခါ လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို စိုးမိုးထားတဲ့ အင်န်အယ်လ်ဒီ ဟာ ရှေ့ လမ်းခရီးမှာ တပ်မတော်နဲ့ လက်တွဲပြီး တိုင်းပြည်အတွက် အလွန်အရေး ကြီးတဲ့ ကိစ္စတွေ အကောင်အထည် ဖော်သွားရမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ငြိမ်းချမ်းရေး တည်ဆောက် ရေးလို၊ ဖွဲ့စည်းပုံ ပြင်ရေးလို အရေးကြီးတဲ့ ကိစ္စတွေ ပါဝင်ပါတယ်။ ဒီလို အနေအထားအောက်မှာ သူရဦးရွှေမန်းကို ဘယ်လို နေရာချထားပေးရင် သင့်တော်မလဲ ဆိုတာ အမျှော်အမြင်ရှိရှိ စဉ်းစား ဆုံးဖြတ်သင့်ပါကြောင်း၊ တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags