လမ်းဘေးရောက် တောင်းရမ်းစားသောက်သူများ ပြဿနာ

လမ်းဘေးရောက် တောင်းရမ်းစားသောက်သူများ ပြဿနာ
ရန်ကုန်မြို့ရှိ ၀မ်းစားအတွက် တောင်းရမ်းနေကြသည့် သက်ကြီးရွယ်အိုများအား ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - မဇ္စျိမ

မနေ့တုန်းက အမည်မသိ လမ်းဘေး တောင်းရမ်းစားသောက်သူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ပန်းခြံအတွင်း လဲကျသေဆုံးနေသည်ကို လူတွေ တွေ့လိုက်ကြ ရပါတယ်။ ဒီလူဟာ ဒီနေရာတဝိုက်မှာ လှည့်လည်တောင်းရမ်း စားသောက်နေထိုင် သူဖြစ်ပြီး အချိန်တိုင်းလိုလို သောက်စားမူးယစ်နေသူလည်း ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ လမ်းဘေးက တောင်းရမ်းစားသောက် နေထိုင်သူအရေအတွက် မည်မျှရှိတယ် ဆိုတာ အတိအကျ မသိနိုင်ပေမယ့် အခုလို တောင်းရမ်းစားသောက် နေထိုင်သူအရေအတွက်ဟာ ယခင်နှစ် ကထက် သိသိသာသာ ပိုမိုလာနေတယ်လို့လည်း ဆိုကြပါတယ်။ ဒီအဖြစ်အပျက်တွေဟာ တကယ်တော့ မိမိတို့ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ ပုတ်ဟောင်လှိုက်စားနေတဲ့ ဒဏ်ရာဒဏ်ချက်တစ်ခုအဖြစ် တင်စားပြောဆိုလို့ရတဲ့ ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့က တောင်းရမ်းစားသောက်နေထိုင်သူတစ်ယောက်ရဲ့ တနေ့တာ ဝင်ငွေဟာ ၂ သောင်းလောက်အထိ ရရှိနိုင်တဲ့အကြောင်းနဲ့ တက္ကစီ ဒါမှမဟုတ် တောင်းရမ်းစားသောက်သူများ စုပေါင်းငှားရမ်း စီးနင်းတဲ့ ကားနဲ့ မနက်ခင်းအချိန် တောင်းရမ်းစားသောက်မယ့်နေရာကို ရောက်လာ တတ်ကြလေ့ရှိတယ်လို့လည်း စာနယ်ဇင်းတချို့မှာ ကိုယ်တွေ့ကြုံဖူးသူတစ်ဦးရေးတာကို ဖတ်ရ ပါတယ်။

တစ်ခါ နယ်မြို့တမြို့ရဲ့ ဘုရားပွဲတစ်ခုမှာ တောင်းစားသူအချင်းချင်း အုပ်စုလိုက် ရန်ဖြစ်ကြတဲ့ အခါ တောင်းရမ်းစားသောက်ခွင့်ရထားတဲ့ အဖွဲ့က တောင်းရမ်းစားသောက်ခွင့် မရတဲ့အဖွဲ့ကို နှင်ထုတ် လိုက်နိုင်တယ်ဆိုတဲ့ သတင်းကို ကြားဖူးပါတယ်။ အဲဒီဘုရားပွဲမှာ တောင်းရမ်းစားသောက်ခွင့် ကို လူမိုက်ခေါင်းဆောင်ဆီမှာ လျှောက်ထားရပြီး အဲဒီ လူမိုက်ခေါင်းဆောင်က ရဲနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များနဲ့ ဆက်သွယ်ဆောင်ရွက်ပေးတာလို့ သိရပါတယ်။ တောင်းရမ်းစား သောက်မယ့် လူအရေအတွက်၊ ခွင့်ပြုသူအား ပြန်လည်ပေးဆောင်ရမယ့် ငွေအရေအတွက် သဘော တူညီချက်နဲ့ အဲဒီ တောင်းရမ်းခွင့်ရတဲ့အဖွဲ့ဟာ လုံခြုံမှုရှိရှိ၊ တခြားယှဉ်ပြိုင်တောင်းရမ်းသူများ မရှိဘဲ လွတ်လပ်စွာ တောင်းရမ်းခွင့်ရကြတယ်လို့လည်း ကြားဖူးပါတယ်။

သည်သတင်းသာ မှန်ခဲ့မယ်ဆိုရင် ဒေသအာဏာပိုင်တွေ၊ ရဲတွေဟာ တခြား လူဆိုးဂိုဏ်းတွေ၊ ချဲထီလို တရားမဝင် လုပ်ငန်းလုပ်ကိုင်သူတွေဆီက အကောက်ငွေများ ရရှိနေတယ်ဆိုတဲ့ အဖြစ်အ ပျက်လို တောင်းရမ်းစားသောက်သူများကလည်း တဖြေးဖြေး အင်အားများပြားလာနေတာ၊ အာဏာ ပိုင်တချို့နဲ့ ပတ်သက်ဆက်နွယ်နေတာ ရှိကောင်းရှိမယ်လို့လည်း တွက်ချက်ကြည့်လို့ ရပါတယ်။ သည်အဖြစ်အပျက် သည်အခြေအနေတွေကို ထည့်သွင်းစဉ်းစားမယ်ဆိုရင်တော့ တောင်းရမ်းစား သောက်တဲ့ အလုပ်ဟာ မိမိတို့နိုင်ငံမှာ စီးပွားရေးလုပ်ငန်းသဘော ဆန်လာနေပြီလားလို့တောင်မှ မှတ်ချက်ပြုရမလို ဖြစ်လာပါတယ်။

တောင်းရမ်းစားသောက်နေထိုင်သူများဟာ ခြေလက်အဂါၤ ချို့ယွင်းလို့ တောင်းစားရတဲ့ဘဝ ရောက်ကြရတာ ရှိသလို မသမာတဲ့ လူအုပ်စုတွေက လေလွင့်ကလေးငယ်တွေကို ဖမ်းဆီးပြီး လိုက်လံ တောင်း ခိုင်းပြီး စီးပွားရေးရှာတာမျိုးလည်း ရှိပါတယ်။ တချို့ကလေးတွေဟာ ညနေ နေစောင်းတဲ့အခါ သူတို့ကို အုပ်ချုပ်ထိန်းကျောင်းနေသူကို တောင်းရတဲ့ငွေတွေ ပြန်ပေးကြရပြီး သတ်မှတ်ထားတဲ့ငွေ ပြည့် မီအောင် မတောင်းနိုင်ဘူးဆိုရင် ရက်ရက်စက်စက် နှိပ်စက်တာ ခံကြရတယ်လို့ ဆိုပါတယ်။

နှိပ်စက်ဖန်များတဲ့အခါ ကလေးတချို့ဟာ ဆွံအတဲ့အထိ စိတ်ချို့ယွင်းလာကြရတဲ့အထိ ဖြစ်လာကြရပါ တယ်။ သည်လို ကလေးငယ်တွေကို လမ်းတွေပေါ်မှာ နေ့တိုင်းတွေ့နေကြရတာ အားလုံးအသိပါပဲ။ ဒီလိုအဖြစ်အပျက်များအပြင် အလုပ်အကိုင်ရှားပါးလို့ ကြံရာမရတဲ့အခါ လမ်းဘေးရောက်သွားကြရတာ မျိုးလည်း ရှိပါတယ်။ တကယ်တော့ အဲသလို လမ်းဘေးရောက်ကြရသူတွေတချို့ဟာ ရာဇဝတ်ပြစ်မှု ကျူးလွန်းဖို့ ဝန်မလေးတဲ့သူတွေအဖြစ် ရောက်ရှိသွားကြတာမျိုးကြောင့် သက်ဆိုင်ရာ လူ့ပတ်ဝန်း ကျင်အတွက် အနှောက်အယှက်ဖြစ်စေမှာကလည်း အမှန်ပါပဲ။

လမ်းဘေးရောက် တောင်းရမ်းစားသောက်နေထိုင်သူတွေ ဘာပြုလို့ ပေါ်ပေါက်လာရတာလဲ။ အရေအတွက် ဘယ်လောက်ရှိသလဲ။ သည်လိုမဖြစ်အောင် ဘယ်လို ကာကွယ်တားဆီးကြမလဲ။ အစ ရှိတဲ့ အခက်အခဲတွေဆိုတာကလည်း အမယ်ဘုတ်ကဲ့သူ့ချည်ခင်ဆိုတာလို ရှုပ်ထွေးလှပါတယ်။ စီးပွား ရေးကြပ်တည်းလို့ ဒီလိုဖြစ်လာကြရတာဖြစ်တယ်ဆိုတာလောက်နဲ့လည်း ဒီပြဿနာဟာ ဖြေရှင်းလို့ ရနိုင်တာမဟုတ်ပါဘူး။ စီးပွားရေးတောင့်တင်းတဲ့ နိုင်ငံတွေမှာလည်း လမ်းဘေး တောင်းရမ်းစား သောက်နေထိုင်သူ အိုးမဲ့အိမ်မဲ့တွေက ရှိနေပြန်တာပါပဲ။ ယျေဘုယျပြောရရင်တော့ စီးပွားရေးတောင့် တင်းတဲ့အပြင် ပညာတတ်ကြတဲ့ တိုင်းပြည်တွေမှာ တောင်းရမ်းစားသောက်နေထိုင်သူအရေအတွက် နည်းပါးပြီး စီးပွားရေးနိမ့်ကျ၊ ပညာရေးနိမ့်ကျတဲ့တိုင်းပြည်တွေမှာတော့ တောင်းရမ်းစားသောက်သူ အရေအတွက် များပြားကြတာကတော့ လက်တွေ့ပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ မိမိတို့တိုင်းပြည်က လမ်းဘေးရောက် တောင်းရမ်းစားသောက်နေထိုင်သူများ အရေအတွက် လျှော့ပါးသွားစေရေးနဲ့ ပပျောက်ကင်းစင်သွားစေဖို့ စီးပွားရေး၊ လူမှုရေးအပြင် ပညာရေး ပြုပြင်ပြောင်းလဲမှုများနဲ့ ဟန်ချက်ညီညီ ဖြေရှင်းဆောင်ရွက်သွားမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly