ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်နှင့် ၁၆ စီးပါ စစ်တပ်ယာဉ်တန်းတို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၆ ဦးသေဆုံး

ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်နှင့် ၁၆ စီးပါ စစ်တပ်ယာဉ်တန်းတို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၆ ဦးသေဆုံး

ဇူလိုင်လ ၂၆ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်နှင့် ၁၆ စီးပါ စစ်ကောင်စီယာဉ်တန်းတိို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ် (Myaung Revolution Army)ထံမှ သိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်က မုံရွာ-မန္တလေး လမ်းမကြီးအနီး သရက်ခြံအတွင်း ကင်းပုန်းဝပ်စောင့်ဆိုင်းနေသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ကနဦး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ချောင်းဦးမှ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်း ဖြတ်သန်းလာသည့်အချိန်တွင်လည်း တော်လှန်ရေးတပ်ဖွဲ့က ဒုတိယအကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ချောင်းဦးကနေ စစ်ကောင်စီယာဉ်တန်းလာမှာ၊ အဲ့ဒီ ကားတွေမိုင်းဆွဲခံရမှာစိုးလို့ လုံခြုံရေးယူပေးရင်း ကင်းပုန်းဝပ်နေတဲ့ ကောင်တွေကို အရင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လိုက်တယ်။ ပြီးတော့ ယာဉ်တန်းဖြတ်သန်းလာတဲ့ အချိန်မှာလည်း ထပ်ပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လိုက်တယ်။” ဟု မြောင်မြို့နယ် တော်လှန်ရေးတပ်တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်ကား အစီးရေ ၁၆ စီးပါ ယာဉ်တန်းသည် ချောင်းဦးမြို့နယ်ဘက်မှ မန္တလေးမြို့သို့ ဦးတည်ကာ မောင်းနှင်လာခြင်းဖြစ်ပြီး တပ်အချိန်းအပြောင်းပြုလုပ်မည့် ယာဉ်တန်းဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ယာဉ်တန်း၏ ရှေ့ဆုံးကား ထိမှန်ခဲ့ပြီး နေရာတွင်ပင် ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

“ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ယာဉ်တန်းကို တိုက်ခိုက်မှု နှစ်ခုမှာ ခြောက်ယောက်သေတယ်၊ သေဆုံးတဲ့သူတွေနဲ့ လူနာတွေကိုတော့ နမခကို ပို့ဆောင်လိုက်တယ်လို့ သိရတယ်၊ ဗုံးထိတဲ့ ကားကတော့ ဆက်မောင်းမရတော့လို့ စစ်က်ိုင်းကို ဆွဲသွားကျတယ်။ ” ဟု MRA တာဝန်ရှိသူက ဆက်ပြောသည်။

ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို မြောင်မြို့နယ် တော်လှန်ရေးတပ်၊ စစ်ကိုင်းခရိုင် တပ်ရင်း (၅)က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီက အကြောက်တရားရိုက်သွင်းကာ ထင်ရာစိုင်း ရက်စက်ယုတ်မာလေ တော်လှန်ရေးရဲဘော်များအနေဖြင့် နာကျည်းခံပြင်းစိတ် ပိုမိုတိုးပွားလေဖြစ်ပြီး အာဏာရှင်စနစ် ကျဆုံးသည်အထိ ကြိုးစားသွားမည်ဖြစ်သည့်အတွက် ပြည်သူများ တတ်စွမ်းသမျှ ပါဝင်ပေးကြရန်လည်း MRA တာဝန်ရှိသူက တိုက်တွန်းထားသည်။

မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) အနေဖြင့် ၎င်းတို့ လှုပ်ရှားနယ်မြေအတွင်း ပြောက်ကျားစစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုများကို သတိကြီးကြီးထားကာ ဂရုတစိုက်ရှောင်ရှားသွားလာကြပါရန်နှင့် ပြည်သူများ အထိအခိုက်မရှိစေရန် အထူးဂရုပြုဆောင်ရွက်လျက်ရှိကြောင်းလည်း အသိပေးထားသည်။

လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးခြင်းများ ပြုလုပ်ခြင်းမရှိသော်လည်း မြောင်စခန်းနှင့် ကျောက်ရစ်စခန်းများတွင် စခန်းချနေထိုင်လျက်ရှိနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly