ပါကစ္စတန်မှ ဗီဒီယိုပေါင်း ၁၂ သန်းကျော်ကို TikTok ဖယ်ရှား

ပါကစ္စတန်မှ ဗီဒီယိုပေါင်း ၁၂ သန်းကျော်ကို TikTok ဖယ်ရှား

တရုတ်နိုင်ငံမှ ဗီဒီယိုအတိုများ မျှဝေသော အက်ပလီကေးရှင်း TikTok သည် လူမှုကွန်ရက်စံသတ်မှတ်ချက်များ ချိုးဖောက်မှုအတွက် ပါကစ္စတန်မှ ဗီဒီယိုပေါင်း ၁၂ ဒသမ ၅ သန်းနီးပါးကို ဖြုတ်ချဖယ်ရှားခဲ့သည်။

ဗီဒီယိုပေါင်း ၁၂၄၉၀၃၀၉ ခု ဖယ်ရှားခံရခြင်းနှင့်အတူ ပါကစ္စတန်သည် ၂၀၂၂ ဇန်နဝါရီနှင့် မတ်လအကြား သတ်မှတ်ဂိုက်လိုင်းများ ချိုးဖောက်မှုအတွက် TikTok ပေါ်မှ ဗီဒီယိုဖယ်ရှားခံရမှု ကမ္ဘာ့ ဒုတိယအများဆုံးနိုင်ငံ ဖြစ်ခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ဘေးကင်းလုံခြုံရေး၊ တန်းတူပါဝင်ရေးနှင့် အစစ်အမှန်ဖြစ်ရေးကို ဦးစားပေးသည့် အတွေ့အကြုံ ခံစားမှုတစ်ခုကို အားပေးရန် ရည်ရွယ်သော TikTok ၏ အားကောင်းသော လူမှုကွန်ရက် စံဂိုက်လိုင်းများကို ချိုးဖောက်ရာ ရောက်ခဲ့၍ အဆိုပါဗီဒီယိုများ ဖယ်ရှားခံရခြင်း ဖြစ်သည်။

ရုရှား-ယူကရိန်း စစ်ပွဲ ပေါ်ပေါက်ပြီးနောက်ပိုင်း TikTok ၏ လုံခြုံရေးအဖွဲ့သည် ဗီဒီယိုပေါင်း ၄၁၁၉၁ ခုကို ဖယ်ရှားခဲ့ပြီး ယင်းတို့အနက် ၈၇ ရာခိုင်နှုန်းသည် ထိခိုက်နစ်နာစေသော သတင်းမှားဖြန့်မှုကို ဆန့်ကျင်သည့် မူဝါဒများကို ချိုးဖောက်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ ထို့ပြင် ရုရှား အစိုးရထိန်းချုပ်သော မီဒီယာအကောင့် ၄၉ ခုမှ အကြောင်းအရာများကို TikTok က အမှတ်တံဆိပ်ကပ်ခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

အများအမြင်အပေါ် လွှမ်းမိုးသက်ရောက်စေရန်နှင့် ကိုယ်ပိုင်လက္ခဏာများနှင့်ပတ်သက်၍ အသုံးပြုသူများကို အထင်အမြင်လွဲမှားစေရန် ချိတ်ဆက်ညှိနှိုင်း ကြိုးပမ်းမှုများအတွက် ကမ္ဘာတစ်ဝန်း ကွန်ရက် ခြောက်ခုနှင့် အကောင့် ၂၀၄ ခုကို TikTok က ခွဲခြားဖော်ထုတ်ပြီး ဖယ်ရှားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly