တိုက်ပွဲများရပ်ရေး တအာင်းတပ်မတော်နှင့် ဆွေးနွေးရန် အသင့်ပဲဟု RCSS ပြော

တိုက်ပွဲများရပ်ရေး တအာင်းတပ်မတော်နှင့် ဆွေးနွေးရန် အသင့်ပဲဟု RCSS ပြော
ရှမ်းတပ်မတော် (RCSS)မှ တပ်သားတစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ-သိင်္ဂီထွန်း)

ချင်းမိုင်၊ ဖေဖော်ဝါရီ ၁၅ ။            ။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ အကြား တိုက်ပွဲ ဖြစ်ပွားနေမှု နှင့် ပတ်သက် ပြီးနှစ်ဖက် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရန် RCSS ဘက်မှ အဆင်သင့်ရှိနေပြီဟု RCSS၏  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက မဇ္ဈိမကို ပြောသည်။

နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားမှုအား ကြားဝင်ညှိနှိုင်းပေးရန်အတွက် SSPP ၏ နာယက ဗိုလ်ချုပ်ဆေထင် ဦးဆောင်သော အဖွဲ့နှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ် ယွပ်ဆစ် ဦးဆောင်သော အဖွဲ့များ ဖေဖော်ဝါရီလ ၁၄ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆွေးနွေးရာတွင် အဓိကအားဖြင့် TNLAနှင့် RCSS တို့အကြား တိုက်ပွဲ ဖြစ်ပွားနေမှုအပေါ် တွေ့ဆုံ ဆွေးနွေးနိုင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွင် အားလုံး ပူးပေါင်း ဆောင်ရွက် သွားရန်နှင့် စစ်ပြေး ဒုက္ခသည်များ အရေး ပူးပေါင်းဆောင်ရွက်ရန် စသည့် အချက် ၃ ချက်ကို ဆွေးနွေးနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့က TNLA ကို ရန်သူလို့ မသတ်မှတ်ရပါဘူး။ စစ်ဆင်ရေးတွေလုပ်ဖို့လည်း စီမံချက်တွေ မရှိဘူး။ သို့ပေမယ့်လည်း TNLA ဘက်က တပ်တွေ တိုက်ခိုက်လာတဲ့အတွက်ကြောင့် မိမိကိုယ်ကိုယ် ခုခံကာကွယ်ရခြင်းပဲ ဖြစ်တယ်။ အကောင်းဆုံး နည်းလမ်းကတော့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ တွေ့ဆုံညှိနှိုင်း အဖြေရှာပြီးတော့ ဖြေရှင်းကြတာ အကောင်းဆုံးဖြစ်တဲ့အတွက် ကျွန်တော်တို့မှာ ဒီလိုဖြေရှင်းဖို့ အသင့်ဖြစ်တဲ့အကြောင်း ဆွေးနွေးတယ်”ဟု RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

RCSS ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီးယွက်ဆစ် ဦးဆောင်သော ကိုယ်စားလှယ် ၉ ဦးနှင့် SSPP ၏ နာယကလည်းဖြစ်၊ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (Shan State Joint Action Committee -SSJAC) အဖွဲ့ဝင်ဖြစ်သူ ဗိုလ်ချုပ်ဆေထင် ဦးဆောင်သည့် ကိုယ်စားလှယ် ၆ ဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ တွေ့ဆုံပွဲတွင် SSJAC အဖွဲ့ဝင်ဖြစ်သော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ အတွင်းရေးမှူး စိုင်းညွန့်လွင်လည်း ပါဝင်ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွင် ရှမ်းပြည်နယ်အရေး အပါအဝင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့သည်ဟု ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

“ကျနော်တို့ ရှမ်းပြည်အရေးကိစ္စကို ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်သလို၊ ပြည်ထောင်စုအရေး ကျနော်တို့ အားလုံးနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း၊ အဓိက လိုအပ်ချက်ဖြစ်နေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးကိစ္စမှာ တတ်နိုင်တဲ့ အစွမ်းအစနဲ့ ကျနော်တို့ ပါဝင်ပြီး ဆောင်ရွက်သွားမယ်။ တိုင်းပြည်အေးချမ်းသာယာရေး၊ ကျနော်တို့ လိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံပေးနိုင်မဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်တဲ့နေရာမှာ ပူးပေါင်းပါဝင်သွားကြဖို့အတွက် ဆွေးနွေးဖြစ်ကြပါတယ်”ဟု သူက ပြောသည်။

စစ်ပြေးဒုက္ခသည်များ စားဝတ်နေရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအား ထိရောက်သည့် အကူအညီများ ပေးနိုင်ရန် အားလုံး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သလို၊ စစ်ပြေးဒုက္ခသည်များအား ပြန်လည် နေရာချထားရေးကိစ္စများကိုလည်း ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးညှိနှိုင်းနိုင်ခဲ့သည်ဟု သူက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်မှစတင်၍ TNLA နှင့် RCSS တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှ နှစ်လကျော်အကြာ သည်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် SSPP ဘက်မှ ကြားဝင် တွေ့ဆုံဆွေးနွေးပေးနေခြင်း ဖြစ်သည်။

လက်ရှိ TNLA နှင့် တိုက်ပွဲဖြစ်ပွားနေသော နမ့်ခမ်းဒေသတွင် ၂၀၀၀ ခုနှစ်မှစတင်၍ RCSS တပ်များ မြေအောက်လှုပ်ရှားနေပြီး ၂၀၀၆ ခုနှစ်တွင် တပ်ပုံစံဖြင့် လှုပ်ရှားလာခြင်း ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ်ရေးထိုးပြီးနောက် RCSS ဘက်မှ TNLA ထိန်းချုပ်နယ်မြေသို့ စစ်အင်အား ၁၀၀၀ ကျော် လှုပ်ရှားလာသဖြင့် တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု TNLA ဘက်မှ ပြောဆိုထားသည်။

SSPP သည် နှစ်ဖက် တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည်များ ထောင်ချီ အိုးအိမ်စွန်ထွက်ပြေးတိမ်းရှောင်နေရသဖြင့် အထူးစိုးရိမ်ကြောင်းနှင့် နှစ်ဖက် စစ်ရေးတင်မာမှု အမြန်ဆုံး တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကိုယ်စားလှယ်များ စေလွှတ်ဆွေးနွေးနေသည်ဟု ဖေဖော်ဝါရီလ ၁၂ ရက်က ကြေငြာချက်ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags