တရုတ်ထုတ် Huawei စက်ပစ္စည်းများက အမေရိကန်၏ နျူကလီးယား ဆက်သွယ်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်

တရုတ်ထုတ် Huawei စက်ပစ္စည်းများက အမေရိကန်၏ နျူကလီးယား ဆက်သွယ်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်

အမေရိကန်စစ်အခြေစိုက်စခန်းများအနီးရှိ ဆဲလ်တာဝါတိုင်များတွင် တပ်ဆင်ထားသည့် တရုတ်ကုမ္ပဏီ Huawei မှ ထုတ်လုပ်ထားသည့် စက်ပစ္စည်းများသည် အမေရိကန်နျူကလီးယားလက်နက် ဆက်သွယ်ရေး လမ်းကြောင်းများကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း FBI မှ ဖော်ထုတ်လိုက်သည်ဟု CNN သတင်းက ဖော်ပြသည်။

ကျေးလက်ဒေသ အနောက်အလယ်ပိုင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများအနီးရှိ တာဝါများထိပ်တွင် တပ်ဆင်ထားသော တရုတ်ထုတ် Huawei စက်ပစ္စည်းများသည် နိုင်ငံ၏ နျူကလီးယားလက်နက်များကို ကြီးကြပ်သော အမေရိကန်မဟာဗျူဟာကွပ်ကဲမှုအပါအဝင် ကန့်သတ်ချက်မြင့်မားသော ကာကွယ်ရေးဌာန၏ ဆက်သွယ်မှုများကို ဖမ်းယူကာ အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ဖော်ထုတ်နိုင်ခဲ့သည်။

စုံစမ်းတွေ့ရှိချက်များသည် လက်ရှိနှင့် ယခင် အမျိုးသားလုံခြုံရေးအရာရှိများ၏အချက်အလက်များအပေါ် အခြေခံထားခြင်း ဖြစ်သည်။

သို့သော် အချက်အလက်များကို ခိုးယူပြီး နိုင်ငံရပ်ခြားသို့ ပေးပို့ကြောင်းကိုသက်သေပြရန် အခက်အခဲ ရှိနေသောကြောင့် ယင်းတာဝါတိုင်များမှရရှိသော ဒေတာများကို တရုတ်သို့ ပေးပို့သည်ဆိုသော ကောက်ချက်ချရန် အခက်တွေ့နေသည်ဟု ဆိုသည်။

တရုတ်သည် ၂၀၁၇ ခုနှစ်မှစ၍ အရေးပါသောအဆောက်အအုံများအနီးတွင် မြေဝယ်ယူမှုများအပေါ် အမေရိကန်တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထင်ရှားသော ဒေသတွင်းတရုတ်ကောင်စစ်ဝန်ရုံးတစ်ခုကိုလည်း တရုတ်သူလျှိုအရိပ်အမြုံဟု ယူဆကာ ပိတ်ပစ်ခဲ့သည်။

ထိရှလွယ်သော စစ်ဘက်နှင့် အစိုးရအဆောက်အအုံအနီးတွင် အသံဖမ်းကိရိယာများ တပ်ဆင်မည့် ကြိုးပမ်း အားထုတ်မှုများစွာကိုလည်း အမေရိကန်က ပိတ်ပင်ခဲ့သည်။

ရုက္ခဗေဒဥယျာဉ်တည်ဆောက်မည့် တရုတ်အစိုးရ၏ သဘောတူညီချက်တွင်လည်း အန္တရာယ်ရှိသော အချက်များစွာကို ဖော်ထုတ်တွေ့ရှိခဲ့ကြသည်။

တရုတ်အစိုးရသည် ၂၀၁၇ ခုနှစ်က ဝါရှင်တန်ဒီစီရှိ အမျိုးသားရုက္ခဗေဒဥယျာဉ်၌ တရုတ်ဥယျာဉ် တစ်ခု တည်ဆောက်ရန် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် ကမ်းလှမ်းခဲ့သည်။

ထိုစီမံကိန်းတွင် ဘုံကျောင်းများ၊ နားခိုရာနေရာများနှင့် ဉာဏ်တော် ၇၀ ပေအမြင့်ရှိ စေတီပုထိုးဆောက်ရန် ပါဝင်ပြီး နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်ထောင်ပေါင်းများစွာကို ဆွဲဆောင်နိုင်လိမ့်မည်ဟု အများက ယုံကြည်ခဲ့ကြသည်။

သို့သော် စေတီတော်သည် အမေရိကန် လွှတ်တော်မှ ၂ မိုင်သာကွာဝေးသည့် ဝါရှင်တန်ဒီစီရှိ အမြင့်ဆုံးနေရာတစ်ခုတွင် တည်ဆောက်မည်ဖြစ်သဖြင့် အချက်ပြထောက်လှမ်းမှုများ ဖမ်းယူခြင်းအတွက် ပြီးပြည့်စုံသော နေရာတစ်ခု ဖြစ်လာနိုင်သည်ဟု သတင်းရင်းမြစ်များကို ကိုးကား၍ CNN က ဖော်ပြခဲ့ပြီး တည်ဆောက်မှုမစမီပင် စီမံကိန်းမှာ ပျက်ပြယ်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required