သမ္မတရှီကျင့်ဖျင်၏ ရှင်ကျန်းခရီးစဉ်က တရုတ်၏ဝီဂါမူဝါဒ အပြောင်းအလဲမရှိကြောင်းကို ဖော်ပြနေ

သမ္မတရှီကျင့်ဖျင်၏ ရှင်ကျန်းခရီးစဉ်က တရုတ်၏ဝီဂါမူဝါဒ အပြောင်းအလဲမရှိကြောင်းကို ဖော်ပြနေ

ဝီဂါမွတ်စလင်များပေါ် ပြုမူဆက်ဆံပုံများကြောင့် ဝေဖန်မှုခံခဲ့ရသည့် တရုတ်သမ္မတရှီကျင့်ဖျင်၏ ၂ ရက်ကြာ ရှင်ကျန်းခရီးစဉ်က ၎င်း၏ ဝီဂါမူဝါဒအပြောင်းအလဲမရှိကြောင်း အချက်ပြလိုက်ခြင်းပင်ဖြစ်သည်။

“တရုတ်နိုင်ငံဟာ ရှင်ကျန်းဒေသကို အခိုင်အမာထိန်းချုပ်ထားတယ်ဆိုတာ ရှီရဲ့ ခရီးစဉ်က သင်္ကေတတစ်ခုပါပဲ” ဟု ဝါရှင်တန်အခြေစိုက် ကွန်မြူနစ်သားကောင်များအောက်မေ့ဖွယ် ဖောင်ဒေးရှင်းမှ သုတေသီ အေဒရီး ယန်းဇန်းက ပြောသည်။

တရုတ်သမ္မတ၏ ခရီးစဉ်က ကမ္ဘာကို သိရှိစေသည့် အကြောင်းအရာ နှစ်ခုပါဝင်ရာတွင် ပထမအချက်သည် အလယ်အာရှ၊ အနောက်အာရှနှင့် ဥရောပဈေးကွက်များသို့ တိုက်ရိုက်ချိတ်ဆက်နေသည့် ရှင်ကျန်းဒေသအပေါ် အခိုင်အမာချုပ်ကိုင်ထားမှုကို ဖြေလျှော့ပေးမည့်အလားအလာမရှိကြောင်းနှင့် ဒုတိယအချက်မှာ တရုတ် အစိုးရသည် အမေရိကန်ဦးဆောင်သော နိုင်ငံများ၏ ဝေဖန်မှုကို လက်မခံကြောင်း အရိပ်အမြွက် ပြလိုက်ခြင်းဖြစ်သည်ဟု The Hong Kong (THK) Post က ဖော်ပြခဲ့သည်။

ထို့ပြင် ရှင်ကျန်းသည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ၏ အခရာဖြစ်ပြီး တရုတ်ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) သည် ရှင်ကျန်းမှ အာရေဗျကမ်းရိုးတန်းအထိ ဆက်သွယ်ထားသည်။

ဝီဂါလူနနည်းစုများအပေါ် နှိပ်ကွပ်ခြင်းအား လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် မသတ်မှတ်သေးမီ လွန်ခဲ့သော ၈ နှစ်ခန့်က ရှီသည် ရှင်ကျန်းသို့ နောက်ဆုံးတစ်ကြိမ်သွားရောက်လည်ပတ်ခဲ့သည်။

ရိုးရာဝတ်စုံနှင့် ဦးထုပ်များ ဆင်မြန်းကာ ပြုံးရွှင်သောမျက်နှာထားဖြင့် လက်ခုပ်တီးနေကြသည့် ဝီဂါများဝိုင်းရံနေသော ရှီ၏ ဓာတ်ပုံကို ဆင်ဟွာက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ခရီးစဉ်သည် ဝီဂါများအပေါ် ကျူးလွန်မှုများကြောင့် အရေးယူပိတ်ဆို့မှုများနှင့် ကမ္ဘာ့ဈေးကွက် ဆုံးရှုံးမှုဒဏ်ကို ခံနေရသော နိုင်ငံ၏ အခြေအနေကို ဖုံးကွယ်ထားသည်ဟု The Hong Kong (THK) Post က ဆိုသည်။

တရုတ်သည် ရှင်ကျန်းရှိ ကျောက်မီးသွေး၊ ရွှေ၊ အဖြိုက်နက်၊ ရေနံ၊ သံဖြူ၊ ငွေ၊ ကြေးနီ၊ ခဲနှင့် ဆားတို့ကို ထုတ်ယူနေသလို လူဦးရေအချိုးအစားကိုလည်း ပြောင်းလဲအောင်ကြိုးစားနေပြီး ရှင်ကျန်းကို တိဗက်ကဲ့သို့ ဆက်ဆံလျက်ရှိသည်။ နျူကလီးယားပစ္စည်း၌ အဓိကရင်းမြစ်ဖြစ်သည့် ယူရေနီယမ်သည် ရှင်ကျန်းတွင် ပမာဏာအများအပြားရှိသည်ဟု ဆိုကြသည်။

ရှင်ကျန်းရှိ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းရင်းနှီးမြှုပ်နှံမှုအများအပြား အန္တရာယ်ဖြစ်မည်ကို တရုတ်က စိုးရိမ်သဖြင့် စီမံကိန်း စတင်ပြီးနောက် ဝီဂါမွတ်စလင်များသည် အထူးသဖြင့် တရုတ်ကွန်မြူနစ်ပါတီ၏ပစ်မှတ်ဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required