ကမ္ဘာ့စားနပ်ရိက္ခာရှားပါးလာမှုတွင် တရုတ်က မဆိုင်သလိုနေခြင်းအပေါ် အမေရိကန်ပြစ်တင်ရှုတ်ချ

ကမ္ဘာ့စားနပ်ရိက္ခာရှားပါးလာမှုတွင် တရုတ်က မဆိုင်သလိုနေခြင်းအပေါ် အမေရိကန်ပြစ်တင်ရှုတ်ချ

ကမ္ဘာ့ စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် အစားအစာဖူလုံမှုကို ခြိမ်းခြောက်လာစေသော ယူကရိန်း စစ်ပွဲ ဖြစ်ပွားနေချိန်တွင် တရုတ်အနေဖြင့် စားနပ်ရိက္ခာအကျပ်အတည်းအတွက် ထိရောက်စွာ လုပ်ဆောင်ခြင်း မရှိကြောင်း နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာ အမေရိကန်အေဂျင်စီ ကူအညီပေးရေးအဖွဲ့ အကြီးအကဲက ဝေဖန်လိုက်သည်။

အဖွဲ့ခေါင်းဆောင် ဆမန်သာပါဝါက ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းနှင့် ပတ်သက်၍ ဝါရှင်တန်မြို့ မဟာဗျူဟာနှင့်နိုင်ငံတကာ လေ့လာရေးဌာန၌ ဇူလိုင်၁၉ ရက်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

“အကျပ်အတည်းနှင့် ကပ်ဘေးဒုက္ခအကြားမှ မျဉ်းအမှတ်အသား” ဟု ခေါင်းစဉ်ဖြင့် ပြောကြားသည့် မိန့်ခွန်းတွင် ပါဝါက ရုရှားက ယူကရိန်းသို့ ကျူးကျော်လိုက်ခြင်းသည် အာဖရိက ဦးချိုဒေသတွင် စားနပ်ရိက္ခာ အကျပ်အတည်းကို ပိုမိုဆိုးရွားလာစေကြောင်းနှင့် ယင်းဒေသမှ နိုင်ငံအနေဖြင့် ငတ်မွတ်ခေါင်းပါးမှုဘေးဒဏ်ကို ဖြေရှင်းရန် ပိုမိုကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

‌“ပူတင်လုပ်လိုက်တဲ့စစ်ပွဲက ယူကရိန်းပြည်သူသန်းပေါင်းများစွာအနေနဲ့ အသင့်အတင့် ကြွယ်ဝချမ်းသာတဲ့ ဘဝကနေ ဆင်းရဲပြီး သူများအကူအညီကို မှီခိုနေရတဲ့ ဘဝကို ပြောင်းသွားခဲ့ပါတယ်။

သူ့လုပ်ဆောင်ချက်တွေကြောင့် သူကိုယ်တိုင်လည်း စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်မှု၊ ဓာတ်မြေဩဇာ၊ လောင်စာဆီ ဈေးနှုန်းကြီးမြင့်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်”ဟု သူမက ပြောကြားသည်။

ကမ္ဘာပေါ်တွင် အထူးသဖြင့် အာဖရိက ဦးချိုဒေသ၌ ငတ်မွတ်ခေါင်းပါးမှုနှင့် အစာအာဟာရချို့တဲ့မှုပြဿနာကို ဖြေရှင်းရန်အစီအစဉ်များကို အမေရိကန်က
လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ အကျပ်အတည်းကို ပိုမိုဆိုးရွား မလာစေရန် အမြန်ဆုံးထပ်မံလုပ်ဆောင်ရန် လိုအပ်နေကြောင်းကိုလည်း ၎င်းက အလေးထားပြောကြားခဲ့သည်။

ကပ်ဘေးဒုက္ခမကြုံတွေ့ရစေရန် ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းအတွက် လုပ်ဆောင်ရမည့် နယ်ပယ် ၃ ခုကို ပါဝါက ရှင်းလင်းပြောကြားခဲ့သလို လူသားချင်း စာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးအကူအညီ တို့အတွက်လည်း အာဖရိက ဦးချိုဒေသသို့ USAID က ဒေါ်လာ ၁ဒသမ ၃ ဘီလီယံပေးသွားမည်ဟု ပြောကြားသည်။

အာဖရိက အရှေ့ပိုင်း၌ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးရန် ပျက်ကွက်သည့် တရုတ်ကိုလည်း ၎င်းက ပြစ်တင်ရှုတ်ချလိုက်သည်။

“တရုတ်အနေနဲ့ စားနပ်ရိက္ခာတွေနဲ့ မြေဩဇာတွေကို ကမ္ဘာ့ဈေးကွက်နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အတွက် ပိုမိုပို့ပေးမယ်ဆိုရင် ဒီပစ္စည်းတွေရဲ့ ဈေးနှုန်းအပေါ်မှာ ဖိအားသက်ရောက်မှုကို သက်သာစေမှာ ဖြစ်သလို ကမ္ဘာ့ခေါင်းဆောင်နဲ့ ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတွေရဲ့ မိတ်ဆွေဖြစ်ချင်တဲ့ သူတို့ရဲ့ ဆန္ဒကိုလည်း ထိထိရောက်ရောက် ဖော်ပြရာ ရောက်ပါလိမ့်မယ်” ဟုလည်း ပါဝါက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required