ကိုယ်ပိုင်နျူလက်နက်များထုတ်လုပ်ရန် ထိပ်တန်းတောင်ကိုရီးယားအမတ် တောင်းဆို

ကိုယ်ပိုင်နျူလက်နက်များထုတ်လုပ်ရန် ထိပ်တန်းတောင်ကိုရီးယားအမတ် တောင်းဆို

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၅ ။              ။ ကြီးထွားလာသည့် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်အန္တရာယ်ကို တားဆီးနိုင်ရန် ကိုယ်ပိုင်နျူကလီးယားလက်နက်ထုတ်လုပ်ရန် အာဏာရထိပ်တန်း ပါတီအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁၅ တွင် တောင်းဆိုလိုက်သည်။

တောင်ကိုရီးယားနျူလက်နက်ပိုင်ဖြစ်ရေးထောက်ခံမှုမှာ နိုင်ငံတွင်းအနည်းစုသာဖြစ်သည်။ သို့သော်လည်း မြောက်ကိုရီးယား၏ နျူစမ်းသပ်မှုများကြောင့် ထောက်ခံရေးမှာ အသံကျယ်လာပြီဖြစ်သည်။ ၁၉၉၁ နောက်ပိုင်းက အမေရိကန်၏ နည်းဗျူဟာမြောက်နျူလက်နက်များကို တောင်ကိုရီးယားမှ ရုပ်သိမ်းခဲ့သည်။ သို့သော်လည်း တောင်ကိုရီးယားမှာ အမေရိကန်၏ နျူထီးရိပ်ကာကွယ်မှုအောက်တွင် ရှိနေသေးသည်။

နျူလက်နက်များ ပြန်ချရန် သို့မဟုတ် တောင်ကိုရီးယားကိုယ်တိုင်ထုတ်လုပ်ရန် အချိန်ကျပြီဖြစ်ကြောင်း မြောက်ကိုရီးယား၏ လေးကြိမ်မြောက်နျူစမ်းသပ်မှုအပြီးတွင် အာဏာရ Saenuri Party ပါတီမှ ဥပဒေပြုလွှတ်တော်အကြီးအကဲ ဝန်ယူးချီအိုးလ်က ပြောသည်။ "ကျွန်တော်တို့ မိုးရွာတိုင်း အိမ်နီးချင်းဆီက ထီးမငှားနိုင်ဘူး။ ကျွန်တော်တို့မှာ မိုးကာအင်္ကျီတစ်ထည်ရှိပြီး ကိုယ့်ဘာသာဝတ်ထား ဖို့လို တယ်"ဟု ဝန်က အမျိုးသားလွှတ်တော်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားသည် နျူကလီးယားမပြန့်ပွားရေးစာချုပ်လက်မှတ်ထိုးထားသော နိုင်ငံပေါင်း ၁၉၀တွင် ပါဝင်သည်။ မြောက်ကိုရီးယားက ၂၀၀၃တွင် ယင်းစာချုပ်မှ ထွက်သည်။

တောင်ကိုရီးယားနိုင်ငံ နျူလက်နက်ပိုင်ဆိုင်ရေးအယူအဆကို ဝါရှင်တန်တွင် လက်ခံသူမရှိပါ။ ကြာရှည်စွာတည်ရှိနေသည့် နိုင်ငံသစ်များအား နျူကလီးယားကလပ်သို့ဝင်ရောက်ခွင့် မပြုရေးစည်းမျဉ်းမှာ ချိုးဖောက်ခံရများပါက ပျက်စီးသွားနိုင်သောကြောင့်ဖြစ်သည်။

ဇန်နဝါရီ ၆က မြောက်ကိုရီးယားက နျူစမ်းသပ်ပြီးနောက် မကြာမီ နျူကလီးယားဗုံးများသယ်ဆောင်နိုင်သော ဘီ-၅၂ ဗုံးကြဲလေယာဉ်တစ်စီးကို အမေရိကန်လေတပ်က တောင်ကိုရီးယားသို့ စေလွှတ် ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly