ဒု-အကျော့အိမ်ကွင်း ခုနှစ်ပွဲကို တောင်ငူကွင်းတွင်ငှားရမ်းကျင်းပရန် ဟံသာဝတီစီစဉ်

ဒု-အကျော့အိမ်ကွင်း ခုနှစ်ပွဲကို တောင်ငူကွင်းတွင်ငှားရမ်းကျင်းပရန် ဟံသာဝတီစီစဉ်
ယခုနှစ်ဘောလုံးရာသီတွင် ဟံသာဝတီအသင်းနှင့် ရန်ကုန်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေစဉ်။ (ဓာတ်ပုံ - ရွှေဘုတ်)

ဖေဖော်ဝါရီ ၁၅ ၊ ရန်ကုန် ။              ။ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဟံသာဝတီယူနိုက်တက်အသင်းသည် ၂၀၁၆  မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ အိမ်ကွင်း ခုနစ်ပွဲကို တောင်ငူကွင်းတွင် ငှားရမ်းအသုံးပြုသွားမည်ဟု အသင်းမန်နေဂျာ ဦးထွန်းထွန်းလင်းက ပြောသည်။

ဟံသာဝတီအသင်းသည် မူလက ပဲခူးတိုင်းအားကစားကွင်းအား အိမ်ကွင်းအဖြစ် ကျင်းပပြုလုပ်ရန်စီစဉ်ထားသော်လည်း လက်ရှိတွင် မြက်ခင်းပြင်ဆင်မှုသာ ပြီးစီးပြီး ပွဲကြည့်စင်နှင့် အဆောက်အဦးအချို့ မပြီးသေးသောကြောင့် တောင်ငူကွင်း ကိုယာယီအိမ်ကွင်းအဖြစ် ငှားရမ်းအသုံးပြုရန် စီစဉ်ခြင်း ဖြစ်သည်။

တောင်ငူကွင်းအား ငှားရမ်းအသုံးပြုဖြစ်ပုံနှင့် ဆက်စပ်၍ “ တောင်ငူကွင်းကို သုံးဖို့ အားကစားဝန်ကြီးဌာနကို စာတင်ထားပါတယ်။ ကန့်ကွက်ရန်မရှိဘူးလို့ ပြောပါတယ်။ အတိအကျတော့ စာမထွက်သေး ပါဘူး။ ပြီးတာနဲ့ ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီး လိုတာတွေပြင်သွားပါ့မယ်။ တောင်ငူကွင်းက ပရိသတ် ၈၀၀၀ လောက်ဆန့်ပါတယ်။ အသင်းတာဝန်ရှိသူတွေနဲ့လည်း သွားကြည့်ပြီး ပါပြီ။ ကြီးကြီးမားမား ပြင်ဆင်ဖို့တော့ မရှိပါဘူး။ ပွဲကြည့်စင်၊ အဝတ်လဲခန်း တို့ လောက်ပဲ ပြင်ဖို့လိုပါလိမ့်မယ်။ တစ်ပွဲချင်းစီကို ငှားသုံးတဲ့ သဘောပါ။ ဒု-အကျော့ အိမ်ကွင်း ခုနစ်ပွဲလုံး သုံးဖြစ်ဖို့ များပါတယ် ” ဟု ဦးထွန်းထွန်းလင်းက ပြောသည်။

၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ဘောလုံးရာသီ ဒု-အကျော့ပွဲစဉ်များကို ဟံသာဝတီအသင်းအိမ်ကွင်းအဖြစ် အသုံးပြုဖြစ်ခဲ့ပါက ယခုနှစ်မြန်မာနေရှင်နယ်လိဂ်တွင် အိမ်ကွင်းသုံးနိုင်သောအသင်း ခြောက်သင်းရှိ လာမည်ဖြစ်သည်။ ဟံသာဝတီအသင်းသည် ၂၀၁၆ ဘောလုံးရာသီတွင် ရလဒ်များကောင်းမွန်လျက်ရှိပြီး ပွဲစဉ် (၆) အပြီးအထိ ရှုံးပွဲတစ်ပွဲမှ မရှိသေးပဲ လေးပွဲနိုင် နှစ်ပွဲသရေ ရလဒ်ဖြင့် အမှတ်ပေးဇယား အဆင့်၂ နေရာတွင် ရပ်တည်နိုင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly