ပါကစ္စတန်အစိုးရ၏ ပြင်းထန်သော မူဝါဒများအပေါ် ကက်ရှ်မီးယားဒေသခံများ နာကြည်းဒေါသထွက်နေ

By Zee5
24 July 2022
ပါကစ္စတန်အစိုးရ၏ ပြင်းထန်သော မူဝါဒများအပေါ် ကက်ရှ်မီးယားဒေသခံများ နာကြည်းဒေါသထွက်နေ

ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယား (PoK) ဒေသ၌ ဒေသခံတို့၏ စီးပွားရေး အကျိုးတရားများအပေါ် ထိခိုက်နစ်နာစေသည့် ပြင်းထန်ရက်စက်သော မူဝါဒများ ပါကစ္စတန် အစိုးရက ချမှတ်ကျင့်သုံး နေခြင်းနှင့်ပတ်သက်ပြီး ဒေါသထွက်နေသော PoK ဒေသခံ ဒါဇင်များစွာတို့က ဒေသရှိ လမ်းများကို ပိတ်ဆို့ကာ ဆန္ဒထုတ်ဖော်မှုများ လုပ်ဆောင်လျက် ရှိသည်။

ဒေသခံပြည်သူ ၄သန်းခန့်သည် မည်သည့်အခါကမှ စကားလုံးတစ်လုံးကို လွတ်လပ်စွာ ပြောဆိုနိုင်ခွင့် မရခဲ့သလို ၎င်းတို့၏ နိုင်ငံရေးနှင့် လူမှု-စီးပွား မကျေနပ်ချက်များကိုလည်း ထုတ်ဖော်ပြောဆိုခွင့် မရရှိခဲ့ပေ။ ဒေသ၌ အလုပ်လက်မဲ့ဖြစ်မှုနှုန်း မြင့်တက်ခြင်း၊ အခြေခံအဆောက်အအုံဆိုင်ရာ အားနည်းခြင်းနှင့် ရင်းမြစ်များ ကင်းမဲ့နေခြင်းတို့ကြောင့် PoK ဒေသခံများသည် ပါကစ္စတန်၏ ပိုမိုကြီးမားသော မြို့ကြီးများသို့ ပြောင်းရွှေ့ နေထိုင်ကြရပြီး ထိုမြို့များတွင်လည်း ၎င်းတို့သည် အလုပ်ကြမ်းသမားများ၊ ဟိုတယ် သန့်ရှင်းရေးသမားများ သို့မဟုတ် ဒရိုင်ဘာများကဲ့သို့ အစေအပါး အလုပ်အကိုင်များကိုသာ လုပ်ကိုင်ခွင့် ရရှိကြသည်။

ပါကစ္စတန်အာဏာပိုင်တို့သည် ယင်း၏ ကိုလိုနီပြုထားသည့် PoK ဒေသ၌ ဒေသခံပြည်သူများကို ဆက်လက် ရပ်တည်နိုင်စေရန် အခြေခံအကျဆုံး လိုအပ်ချက်များကိုပင် ထောက်ပံ့ဖြည့်ဆည်းပေးနိုင်ခြင်း မရှိဘဲဖြစ်နေကြောင်း Asia Lite International က ဖော်ပြသည်။

ပါကစ္စတန်၏ PoK ဒေသနှင့် အိန္ဒိယ ထိန်းချုပ်သော ဂျမူးနှင့် ကက်ရှ်မီးယားတို့၌ ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ရန်ပုံငွေ ခွဲဝေသတ်မှတ်မှုအပိုင်းတွင် မတူခြားနားခြင်းက ကက်ရှ်မီးယားဒေသနှစ်ခု၏ မတူညီသော ဇာတ်ကြောင်းကို လုံလောက်စွာ ဖော်ပြနေသည်။

ယခု ဘဏ္ဍာနှစ် စတင်ချိန်တွင် အိန္ဒိယအစိုးရသည် ဂျမူးနှင့် ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေအတွက် အသုံးစရိတ်ဘတ်ဂျက် ဒေါ်လာ ၁၃ ဒသမ ၃၃ ဘီလီယံ ပေးအပ်ခဲ့သည်။

အိန္ဒိယအစိုးရက ဂျမူးနှင့် ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေအတွက် ခွဲဝေသတ်မှတ်သော ရန်ပုံငွေပမာဏက PoK အတွက် ပါကစ္စတန်အစိုးရ ခွဲဝေသတ်မှတ်သော ပမာဏထက် ၅ဆနီးပါး ပိုများနေသည်။

ကိုဗစ်ကပ်ရောဂါအလွန် စီးပွားရေး၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် အိန္ဒိယသည် ဂျမူးနှင့် ကက်ရှ်မီးယား၌ စီမံကိန်းသစ်အချို့ကို အကောင်အထည်ဖော်လျက်ရှိသည်။ သို့သော် ပါကစ္စတန်ထိန်းချုပ်သော ကက်ရှ်မီးယား တွင် ဘတ်ဂျက် ဖြတ်တောက်မှု အများအပြား ကြုံတွေ့နေရပြီး အစိုးရသည် အကျင့်ပျက် နိုင်ငံရေးသမားများကို မျက်နှာသာပေးလျက်ရှိသလို တရုတ်ကလည်း ထို နယ်မြေကို ချဉ်းနင်းဝင်ရောက်မှုများ လုပ်ဆောင်နေပြီး ယင်း၏ ရည်မှန်းချက်များ ပြည့်မြောက်စေရန် ယင်းမြေကို အသုံးချလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly