ပါကစ္စတန် ပြည်တွင်းရေး၌ ပြည်ပပူးပေါင်းကြံစည်ခဲ့သည်ဆိုသော အီမရန် ခန်း၏ စွပ်စွဲချက်က အလွန် စိုးရိမ်စရာကောင်းဟု အမေရိကန်အရာရှိ ပြော

By The Print
24 July 2022
ပါကစ္စတန် ပြည်တွင်းရေး၌ ပြည်ပပူးပေါင်းကြံစည်ခဲ့သည်ဆိုသော အီမရန် ခန်း၏ စွပ်စွဲချက်က အလွန် စိုးရိမ်စရာကောင်းဟု အမေရိကန်အရာရှိ ပြော

ပါကစ္စတန်တွင် အစိုးရအပြောင်းအလဲဖြစ်စေရန် ပြည်ပ ပူးပေါင်းပါဝင်ကြံစည်ခဲ့သည် ဆိုသော ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း၏ စွပ်စွဲပြောဆိုချက်များက အလွန်စိတ်ပျက်စရာကောင်းကြောင်းနှင့် အဆိုပါ စွပ်စွဲချက်များက မှန်ကန်ခြင်း မရှိဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောကြားလိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပါကစ္စတန်ရေးရာ ညွှန်ကြားရေးမှူး နေးလ် ဒဗလျူ ဟော့ပ်က နယူးဂျာစီပြည်နယ် အတ္တလန္တိတ်မြို့တွင် ပါကစ္စတန်သမားတော်များ ညီလာခံတစ်ခု၌ မိန့်ခွန်းပြောစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန် Dawn သတင်းစာက ဖော်ပြသည်။

အလားတူ အမေရိကန်-ပါကစ္စတန် ဆက်ဆံရေးက ခက်ခဲသည့် အဆင့်တစ်ခုကို ဖြတ်သန်းနေရကြောင်း အမေရိကန်ဆိုင်ရာ ပါကစ္စတန်သံအမတ်ဟောင်းတစ်ဦးဖြစ်သည့် ဂျလီ အာဘတ်စ် ဂျီလာနီက အဆိုပါ ညီလာခံတွင် ဝန်ခံပြောကြားခဲ့သည်။ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို လမ်းကြောင်းမှန်ပေါ်တွင် ဆက်ရှိနေစေရေး ပုံစံတကျရှိသည့် အဆင့်မြင့်တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းမှုကို ပြန်လည်အသက်သွင်းရန် ၎င်းက အကြံပြုခဲ့သည်။

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းက ၎င်းအား ရာထူးမှ ဖြုတ်ချရန် အမေရိကန်လည်း လျှို့ဝှက် ပူးပေါင်းကြံစည်ခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းသည့် မေးခွန်းတစ်ခုကို နေးလ် ဒဗလျူ ဟော့ပ်က ဖြေကြားရာတွင် “ဒါက အင်မတန် စိုးရိမ်ပူပန်စရာ ကောင်းပါတယ်။ အဲဒီလို စွပ်စွဲမှုတွေက လုံးဝကို မမှန်ကန်ပါဘူး။ ကျွန်တော်တို့ဟာ ပါကစ္စတန်မှာ ခိုင်မာအားကောင်းပြီး ဒီမိုကရေစီနည်းကျတဲ့ ဖွဲ့စည်းပုံတစ်ခုကို ထောက်ခံအားပေးပါတယ်။ သူတို့ရဲ့ ပြည်တွင်း နိုင်ငံရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့ စိတ်မဝင်စားပါဘူး” ဟု ပြောသွားခဲ့သည်။

အီမရန် ခန်း၏ ပြည်ပလျှို့ဝှက်ပူးပေါင်းကြံစည်မှု စွပ်စွဲချက် သီအိုရီ၏ ဖြစ်စဉ်တစ်ခုလုံးက “ဝမ်းနည်းစရာ” ဖြစ်ရပ် ဖြစ်ကြောင်း ဂျီလာနီက ပြောသည်။ အဆိုပါ လျှို့ဝှက်ပူးပေါင်းကြံစည်မှု စွပ်စွဲချက်တွင် ပါဝင်ငြိစွန်း ခံရသည့် အမေရိကန်အရာရှိဖြစ်သည့် ဒေါ်နယ် လူနှင့် ၎င်းအကြား ကိုယ်တိုင်ကိုယ်ကျ ဆက်ဆံရေး ရှိကြောင်း ဂျီလာနီက ပြောသည်။ “သူဟာ ပါကစ္စတန်အတွက် အကောင်းဘက်မြင်တဲ့ ခံစားချက်တွေ ရှိပါတယ်။ ဘယ်လို လျှို့ဝှက်ပူးပေါင်း ကြံစည်ချက်မှာမှ သူ ပါဝင်ပတ်သက်မထားဘူးလို့လည်း ပြောပါတယ်” ဟု ဂျီလာနီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required