တရုတ်စီးပွားရေးပတ်ဝန်းကျင်နှင့် ပတ်သက်၍ ဥရောပသမဂ္ဂ ပိုမို စိုးရိမ်လာ

တရုတ်စီးပွားရေးပတ်ဝန်းကျင်နှင့် ပတ်သက်၍ ဥရောပသမဂ္ဂ ပိုမို စိုးရိမ်လာ

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သော တရုတ်တွင် စီးပွားရေးကို နိုင်ငံရေးဇာတ်သွင်းလာခြင်းအပါအဝင် တန်းတူယှဉ်ပြိုင်ခွင့်အားနည်းလာခြင်းကြောင့် တရုတ်၏ စီးပွားရေးပတ်ဝန်းကျင်နှင့် ပတ်သက်၍ ဥရောပ သမဂ္ဂ၏ စိုးရိမ်ပူပန်မှုများ မြင့်တက်လာသည်။

နဝမအကြိမ်မြောက် ဥရောပသမဂ္ဂ- တရုတ် အဆင့်မြင့်စီးပွားရေးနှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲ(HED)တွင် ဥရောပ သမဂ္ဂအမှုဆောင် ဒုတိယဥက္ကဋ္ဌ ဒွန်ဘရိုဗစ်စကီးနှင့် တရုတ်ဒုတိယဝန်ကြီးချုပ် လျှိုတို့ ဇူလိုင် ၁၉ရက် တွေ့ဆုံစဉ် ယင်းပြဿနာကို ဆွေးနွေးခဲ့ကြသည်။

ပူးတွဲထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး နှစ်ဖက်စလုံးမှ သဘောတူညီခြင်းမရှိခဲ့သော ဧပြီလတွင် အခြေအနေ တင်းမာခဲ့သည့် ဥရောပသမဂ္ဂ- တရုတ် ထိပ်သီးအစည်းအဝေးအပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးရေး ရက် သတ်မှတ်ရန် လအတန်ကြာ ကြိုးပမ်းမှုအဆင်မပြေဖြစ်ခဲ့ပြီးနောက် ယခုတွေ့ဆုံမှုဖြစ်ပေါ်လာခြင်းဖြစ်သည်။

'တရုတ်တွင် တန်းတူယှဉ်ပြိုင်ခွင့်အားနည်းလာခြင်းနှင့် စီးပွားရေးကို နိုင်ငံရေးဇာတ်သွင်းလာခြင်းအပါအဝင် စီးပွားရေးပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့် စိုးရိမ်ပူပန်မှုများကို ဥရောပသမဂ္ဂက ထုတ်ဖော်ပြောဆိုခဲ့သည်။ ယခုလုပ်ဆောင်ချက်က ဥရောပသမဂ္ဂကုမ္ပဏီများအား လက်ရှိလုပ်ငန်းဆောင်ရွက်မှုများနှင့် တရုတ်တွင် စီစဉ်ထားသော ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်သုံးသပ်စေခဲ့သည်'ဟု ဥရောပသမဂ္ဂကော်မရှင်က အဆင့်မြင့် စီးပွားရေး ဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဓိကအစည်းအဝေးတွင် ကမ္ဘာ့စီးပွားရေးစိန်ခေါ်မှုများ၊ ကိုဗစ်-၁၉ ဖြစ်ပေါ်လာသော ကုန်ထုတ်လုပ်ရေး လုပ်ငန်းစဉ် အခက်အခဲများနှင့် အစားအစာ၊ စွမ်းအင်နှင့် ငွေကြေးဈေးကွက်များအပါအဝင် ရုရှား၏ ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှု၏ အကျိုးသက်ရောက်မှုများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင် မှုများတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။

ရုရှား၏ ယူကရိန်းကျူးကျော်စစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့် စီးပွားရေးအတွက် စိန်ခေါ်မှုများစွာကို ဖန်တီးနေသည်ဟု ဒွန်ဘရိုဗစ်စကီးက အလေးပေးပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly