ရလဒ်ပိုင်းဆိုးများကြောင့် နည်းပြချုပ် ရူသာနှင့် ရှမ်းယူနိုက်တက်အသင်းနှစ်ဦးသဘောတူ လမ်းခွဲ

ရလဒ်ပိုင်းဆိုးများကြောင့် နည်းပြချုပ် ရူသာနှင့် ရှမ်းယူနိုက်တက်အသင်းနှစ်ဦးသဘောတူ လမ်းခွဲ
ဇွဲကပင်အသင်းအား ရှံုးနိမ့်ခဲ့သော ပွဲအပြီး၌ ရှမ်းအသင်းနည်းပြ ရူသာအား တွေ့ရစဉ်။ (ဓာတ်ပုံ-ရွှေဘုတ်)

ဖေဖော်ဝါရီ ၁၅ ၊ ရန်ကုန် ။            ။ မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၆ ဘောလုံးရာသီတွင် ရလဒ်ပိုင်းဆိုးရွားနေမှုကြောင့် အသစ်ခေါ်ယူခဲ့သော ဘရာဇီးလူမျိုး နည်းပြချုပ် ရူသာ နှင့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့သည်။

ဘရာဇီးလူမျိုးနည်းပြ ရူသာသည် ယခုနှစ် ဘောလုံးရာသီတွင်မှ ရှမ်းယူနိုက်တက်အသင်းသို့ ပြောင်းရွေ့လာခဲ့သော်လည်း ၎င်းတာဝန်ယူ ကိုင်တွယ်ခဲ့သည့် ကာလ၌ ရှမ်းအသင်းအား တစ်ပွဲနိုင် သုံးပွဲသရေ နှစ်ပွဲရှုံးရလဒ်သာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

နည်းပြရူသာအား လမ်းခွဲဖြစ်ပုံနှင့် ပတ်သက်၍ “ အဓိကကတော့ အသင်းရဲ့ ရလဒ်ပိုင်းတွေ ဆိုးဝါးနေလို့ လမ်းခွဲခဲ့တာပါ။ လျော်ကြေးအနေနဲ့ ပေးရတာမျိုးတော့ မရှိပါဘူး။ စာချုပ် စချုပ်ကတည်းက အသင်းအောင်မြင်မှုမရရင် စာချုပ်ပြန်ဖျက်သိမ်းမယ် ဆိုတာ ပါပါတယ်။ အခုလည်း နှစ်ဦးသဘောတူလမ်းခွဲတဲ့ သဘောမျိုးပါပဲ။ လက်ရှိတော့ အသင်းကို ကိုစိုးမြတ်မင်းပဲ ဆက်တာဝန်ယူ သွားမှာ ပါ။ နိုင်ငံခြားသားနည်းပြ ထပ်ခန့်ဖို့ မရှိပါဘူး။ ရူသာနဲ့အတူ ပါလာတဲ့ ကြံ့ခိုင်ရေးနည်းပြကတော့ အသင်းနဲ့ အတူ ဆက်ရှိသွားမှာပါ ” ဟု ရှမ်းယူနိုက်တက်အသင်း အတွင်းရေးမှူး ဦးဝင်းမြင့်ဦးကပြော သည်။

ရူသာမှာ ထိုင်းပရီးမီးယားလိဂ်ကလပ် T.O.T အသင်းတွင် လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ဖူးပြီး ရှမ်းယူနိုက်တက်သို့ ပြောင်းရွှေ့လာသူဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် လက်ရှိတွင် အသင်း၏ နည်းစနစ်ဒါရိုက်တာ ဦးစိုးမြတ်မင်းအား နည်းပြချုပ်ရာထူးသို့ ပြောင်းလဲပေးအပ်မည် ဖြစ်သည်။

ရှမ်းအသင်းသည် ယခုနှစ်တွင် ချန်ပီယံဖြစ်ရန် ငွေကြေးစံချိန်တင်သုံးစွဲခဲ့သော်လည်း မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ခြောက်ပွဲကစားပြီးချိန်၌ တစ်ပွဲနိုင် သုံးပွဲသရေ နှစ်ပွဲရှုံးရလဒ်ဖြင့် ရမှတ် ခြောက်မှတ်ရရှိကာ အမှတ်ပေးဇယားအဆင့်၆ နေရာတွင် ရပ်တည်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly