ဖိလစ်ပိုင်က တက္ကသိုလ်တွင် သေနတ်ပစ်ခတ်မှုဖြစ်၍ လူ ၃ ဦး သေဆုံး 

ဖိလစ်ပိုင်က တက္ကသိုလ်တွင် သေနတ်ပစ်ခတ်မှုဖြစ်၍ လူ ၃ ဦး သေဆုံး 
Photo - AFP

ဇူလိုင် ၂၅

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်က တက္ကသိုလ်တစ်ခုတွင် ဖြစ်တောင့်ဖြစ်ခဲ သေနတ်ပစ်ခတ်မှုဖြစ်၍ လူသုံးဦး တနင်္ဂနွေနေ့က သေဆုံးကြောင်း တာဝန်ရှိသူများက ပြောပြီး ယင်း ပစ်ခတ်မှုသည် ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပုံရှိသည်။ 

အက်တီနိုယို ဒီ မနီလာတက္ကသိုလ်၌ တရားရုံးချုပ် တရားသူကြီးချုပ် တက်ရောက်သော ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ဥပဒေကျောင်းသားများနှင့် မိသားစုများ ရောက်ရှိစဉ် ယခု ပစ်ခတ်မှုဖြစ်ပွားခြင်း ဖြစ်သည်။ 

မတည်ငြိမ်သော တောင်ပိုင်း ဘာဆီလန်ပြည်နယ်က မြို့တော်ဝန်ဟောင်းဖြစ်သူ ရို့စ် ဖူရီဂေးသည် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။ ၎င်း၏ သမီးဖြစ်သူသည် အဆိုပါ ဘွဲ့နှင်းသဘင်၌ ဘွဲ့တက်ယူခြင်းဖြစ်သည်။ 

ဖူရီဂေး၏ အထူးလက်ထောက်အကူနှင့် တက္ကသိုလ်လုံခြုံရေးအစောင့်တစ်ဦးတို့လည်း သေဆုံးခဲ့ကြသည်။ 

၎င်း၏ သမီးဖြစ်သူမှာ ဒဏ်ရာရှိပြီး ဆေးရုံတွင် ‘စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း’ ရဲက ပြောသည်။ 

“ဒီဖြစ်ရပ်ကြောင်း ကျွန်တော်တို့အနေနဲ့ စိတ်တုန်လှုပ်ရပြီး စိတ်မကောင်းဖြစ်ရပါတယ်”ဟု ပစ်ခတ်မှုဖြစ်ပွားရာ အုပ်ချုပ်ရေးဒေသ၏ မြို့တော်ဝန် ဂျိုင်း ဘဲလ်မွန့်က အေအက်ဖ်ပီသို့ ပြောသည်။ 

စွပ်စွဲထားသော သေနတ်သမားသည် ကားတစ်စီးမှ ကားမောင်းသူကို အတင်းဆင်းခိုင်းကာ ထွက်ပြေးပြီး ယင်းကားကို စွန့်ပစ်ပြီးနောက် လိုင်းကားတစ်စီးဖြင့် ဆက်ပြေးခြင်းဖြစ်သည်ဟု ရဲက ပြောသည်။ 

၎င်းကို နောက်ဆုံးတွင် ဘုရားကျောင်းတစ်ကျောင်း၏ အနီး၌ ဖမ်းဆီးရမိသည်။ 

ခါအို တာအို ယူမိုဟု သိရသော ယင်း သံသယရှိသူ အသုံးပြုခဲ့ဖွယ်ရှိသည့် သေနတ်နှစ်လက်နှင့် အသံတိတ်ကရိယာတို့ကို ရဲက ရှာဖွေတွေ့ရှိသည်။ ၎င်းသည် ဖူရီဂေးနှင့် တရားရေးအငြင်းပွားမှု ရေရှည်ဖြစ်ပွားခဲ့သည့် နောက်ခံအကြောင်း ရှိထားသူ ဖြစ်သည်။ 

“စိတ်ပိုင်းဖြတ်ပြီး လုပ်ကြံသတ်ဖြတ်မှု ဖြစ်နိုင်ပါတယ်”ဟု ရဲမှူး ရီမတ် မက်ဒီနာက သတင်းထောက်များအား ပြောသည်။ 

မျက်နှာ၌ ထိခိုက်ဒဏ်ရာ ရထားသည့် ယူမိုကို ရဲက သတင်းထောက်များနှင့် ပေးတွေ့ခဲ့သည်။ 

ဖူရီဂေးသည် “မူးယစ်ရာဇာ” တစ်ဦးဖြစ်သည်ဟု ၎င်းက စွပ်စွဲပြောဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required