အမေရိကန်က အရှေ့အလယ်ပိုင်းမှ ထွက်ခွာသွားမည်မဟုတ်ကြောင်းနှင့် တရုတ်ကို အစားထိုးဝင်ရောက်ခွင့် ပြုမည်မဟုတ်ကြောင်း ဘိုင်ဒင် ပြောကြား

အမေရိကန်က အရှေ့အလယ်ပိုင်းမှ ထွက်ခွာသွားမည်မဟုတ်ကြောင်းနှင့် တရုတ်ကို အစားထိုးဝင်ရောက်ခွင့် ပြုမည်မဟုတ်ကြောင်း ဘိုင်ဒင် ပြောကြား

ဆော်ဒီအာရေဗျသို့ အလည်အပတ်ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်သည် အရှေ့အလယ်ပိုင်းမှ ထွက်ခွာသွားမည်မဟုတ်ကြောင်းနှင့် တရုတ်၊ ရုရှား သို့မဟုတ် အီရန်တို့အား အမေရိကန် နေရာကို အစားထိုးဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။

ဆော်ဒီထိပ်သီးအစည်းအဝေးတွင် အာရပ်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်တွင် ဘိုင်ဒင်က ၎င်း၏ အရှေ့ အလယ်ပိုင်းမဟာဗျူဟာကို ချပြခဲ့သည်။ ဒေသတွင်း ဆက်ဆံရေးကို မြှင့်တင်ရန် ရည်ရွယ်သည့် ဘိုင်ဒင်၏ ၄ ရက်ကြာ ခရီးစဉ်တွင် ဆော်ဒီသည် နောက်ဆုံးဝင်ရောက်ခဲ့သည့် နိုင်ငံဖြစ်သည်။

ဆော်ဒီအာရေဗျနိုင်ငံ ပင်လယ်နီမြို့ဖြစ်သော ဂျဒ်ဒါတွင် ဇူလိုင် ၁၆ရက်က ပြုလုပ်ခဲ့သော ထိပ်သီး ဆွေးနွေးပွဲတွင် ဘိုင်ဒင်က ဒေသအတွက် အမေရိကန်၏ အာရုံစိုက်မှု အရေးကြီးကြောင်း အကျယ်တဝင့် ပြောဆိုခဲ့သည်။

ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ၏ ၆ နိုင်ငံခေါင်းဆောင်များဖြစ်သည့် ဆော်ဒီအာရေဗျ၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ်၊ အိုမန်နှင့် ယူအေအီးတို့အပြင် ဂျော်ဒန်၊ အီဂျစ်၊ အီရတ်နှင့် အမေရိကန်တို့က ဒေသတွင်း လုံခြုံရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပခဲ့ကြောင်း အယ်လ်ဂျာဇီးရား သတင်းဌာနက ဖော်ပြခဲ့သည်။

'အမေရိကန်က အရှေ့အလယ်ပိုင်းကနေ ထွက်ခွာသွားမှာ မဟုတ်သလို တရုတ်၊ ရုရှားနဲ့ အီရန်တို့ကိုလဲ အမေရိကန်နေရာကို အစားခွင့်ပြုမှာ မဟုတ်ပါဘူး ' ဟု ဘိုင်ဒင်က ပြောကြားခဲ့ပြီး 'တက်ကြွစည်းစနစ်ကျတဲ့ အမေရိကန် ခေါင်းဆောင်မှုနဲ့ ဒီအခိုက်အတန့်ကာလကို တည်ဆောက်ဖို့ ကျွန်တော်တို့ ကြိုးစားသွားကြပါမယ်' ဟု ထပ်လောင်း ဆိုခဲ့သည်။

“ဒီကနေ့ ဒေသတွင်းမှာ မြေယာစစ်ပွဲတွေ၊ အမေရိကန်တပ်ဖွဲ့ဝင်တွေ အများအပြားပါဝင်ရတဲ့ စစ်ပွဲတွေမရှိ တော့ဘူးလို့ ပြောနိုင်တာကို ဂုဏ်ယူမိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ 

ဘိုင်ဒင်က လုပ်ဖော်ကိုင်ဖက်နိုင်ငံများကို အမျိုးသမီးများ၏ အခွင့်အရေးများအပါအဝင် လူ့အခွင့်အရေးများကို ကာကွယ်ပေးရန်နှင့် နိုင်ငံသားများကို ပွင့်ပွင့်လင်းလင်း ပြောဆိုခွင့်ပြုရန် တိုက်တွန်းခဲ့သည်။

ဇူလိုင်လ ၁၆ရက် နံနက်အစောပိုင်းတွင် အမေရိကန်သမ္မတသည် အီရတ်၊ အီဂျစ်နှင့် ယူအေအီး ခေါင်းဆောင် များနှင့် တစ်ဦးချင်းတွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း အယ်လ်ဂျာဇီးရား သတင်းဌာနက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly