ရွှေကူနယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံးပြီး PDF တပ်စုမှူးကျဆုံး

ရွှေကူနယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံးပြီး PDF တပ်စုမှူးကျဆုံး

ဇူလိုင်လ ၂၂ ရက်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် မြို့ကုန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံးကြောင်းနှင့် မြို့လှ KPDF တပ်စုမှူးတစ်ဦးလည်းကျဆုံးကြောင်း ထုတ်ပြန်လာသည်။ 

ယမန်နေ့ ဇူလိုင်လ ၂၁ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်တွင် မြို့လှ KPDF တပ်ရင်းနယ်မြေတွင် စစ်ကောင်စီတပ် ခလရ (၆၀၁) တပ်ရင်းမှ အင်အား ၁၀၀ ခန့်ဖြင့်တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။ 

"မြို့လှ KPDF တပ်ရင်းမှ ကြိုတင် သတင်းရရှိထား၍ စောင့်ကြို တိုက်ခိုက်ခဲ့ကြသဖြင့် စကစဘက်မှ ၃၀ ဝန်းကျင် ထိခိုက်ကျရှုံးမှု ရှိနိူင်ပြီး တိုက်ပွဲ တော်တော်လေးပြင်းထန်ခဲ့ပါသည်” ဟုထုတ်ပြန်ထားပြီး ကျဆုံးမှုအတည်ပြုရန်နှင့် အသေးစိတ်အချက်အလက်များအား မြို့လှKPDF မှပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

တိုက်ပွဲသည် မီတာ ၈၀ လောက်ထိ အနီးကပ်ပစ်ခတ်တိုက်ခိုက်ကြခြင်းဖြစ်ပြီး မြို့လှ KPDF ဘက်မှ တပ်စုမှူး VIBER ကျဆုံးခဲ့ရသည်ဟု ထုတ်ပြန်ရေးသားထားသည်။ ထုတ်ပြန်ထားသည့် တိုက်ပွဲရုပ်သံဖိုင်တွင် တဲအိမ်စုဘက်မှ နေရာအသင့်ယူထားသည့် KPDF တပ်သားများသည် ကွင်းပြင်တွင် တန်းစီတက်လာသည့် စစ်ကောင်စီတပ်များအား အပြင်းအထန်ပစ်ခတ်နေသည်ကို မြင်တွေ့ရသည်။ 

မြို့လှ KPDF သည် ကချင်ပြည်နယ်အတွင်း လှုပ်ရှားတိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly