အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင် COVID-19 ကူးစက်

ဇူလိုင် ၂၂

အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်သည် COVID-19 ကူးစက်ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက်၌ “အကောင်းဆုံး လုပ်ဆောင်”နေခဲ့ကြောင်း ကြာသပတေးနေ့တွင် ပြောဆိုပြီး မပြင်းထန်သော ရောဂါလက္ခဏာသာ ပြ၍ အိမ်ဖြူတော်တွင် သီးခြားနေထိုင်ကာ လုပ်ငန်းဆောင်တာများ ဆက်လက်လုပ်ဆောင်သွားမည်ဟု စိတ်ပိုင်းဖြတ် ပြောဆိုသည်။ 

အသက် ၇၉ နှစ်ရှိပြီဖြစ်သော အမေရိကန်သမ္မတသည် ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှစတင်ပြီး ပင်ပန်းနွမ်းလျလာပြီး နှာရည်ယိုကာ ချောင်းခြောက်ဆိုးလာကြောင်း ၎င်း၏ ဆရာဝန် ကီဗင် အိုကွန်နာက တရားဝင် မှတ်ချက်၌ ရေးသားသည်။ 

နိုင်ငံအား စီမံအုပ်ချုပ်ရေးတွင် ဆက်ရှိနေကြောင်း ပြသသည့် တွစ်တာပို့စ်များတွင် ဘိုင်ဒင်က စားပွဲ၌ ထိုင်အလုပ်လုပ်နေသည့် ဓာတ်ပုံကို တင်ခဲ့ပြီး “ကျွန်တော် ကောင်းကောင်း အလုပ်လုပ်နေပါတယ်”ဟု ရေးသားသကဲ့သို့ အိမ်ဖြူတော် လသာဆောင်တွင် ရှိနေသည့် ဗီဒီယိုတိုကိုလည်း ထုတ်လွှင့်ခဲ့သည်။ 

“ပြည်သူလူထုရေ၊ ကျွန်တော့်မှာ COVID-19 စမ်းသပ်တွေ့ရှိတာကို ခင်ဗျားတို့ ဒီမနက်ပိုင်းမှာ ကြားကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု နက်ကတိုင် မပါဘဲ ဘလေဇာကုတ်အင်္ကျီ ဝတ်ဆင်လျက် အပြုံးသဲ့သဲ့ဖြင့် သမ္မတက ပြောသည်။ 

“ရောဂါလက္ခဏာက မပြင်းထန်ပါဘူး၊ ခင်ဗျားတို့အားလုံးရဲ့ စုံစမ်းမေးမြန်းမှုနဲ့ စိုးရိမ်ပူပန်မှုအတွက် ကျွန်တော် အမှန်ပဲ ကျေးဇူးတင်ပါတယ်၊ အဆင်ပြေသွားမှာပါ”ဟု ၎င်းက ပြောသည်။ 

COVID-19 ကူးစက်ကြောင်း ကြေညာရာတွင် သမ္မတသည် ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားပြီး ထပ်ဆောင်းကာကွယ်ဆေး နှစ်ကြိမ်ထိုးထားကြောင်း အိမ်ဖြူတော်က အလေးအနက် ပြောသည်။ ဘိုင်ဒင်သည် Pfizer ဆေးကုမ္ပဏီက ထုတ်သော COVID-19 ပြင်းထန်မှုကို လျှော့ချပေးသည့် Paxlovid ဆေးကိုလည်း သောက်ထားကြောင်း အိမ်ဖြူတော်က ပြောသည်။ 

“ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေး ဌာန CDC ရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ သမ္မတဟာ အိမ်ဖြူတော်မှာ နေပြီး သူ့ တာဝန်တွေကို အပြည့်အဝ ဆက်လက်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်”ဟု အိမ်ဖြူတော် ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

သမ္မတ ဂျိုး ဘိုင်ဒင်သည် ကျန်းမာရေး ပုံမှန်ကောင်းမွန်ကြောင်း သိရှိရသော်လည်း ရွေးကောက်ခံ သမ္မတများ၌ အသက်အကြီးဆုံး သမ္မတဖြစ်၍ COVID-19 ၏ သက်ရောက်မှုများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly