နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ

22 July 2022
နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်တွင် နွားထိုးကြီးဘက်မှ ဝက်လူးကျေးရွာဘက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီကားတစ်စီးကို နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NPDF) မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်သား ရှစ်ဦးလိုက်ပါလာသည့် အဆိုပါကားကို ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၆နာရီ ဝန်းကျင်အချိန်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သုံးဦးသေဆုံးခဲ့သည်ဟု NPDF မှ သတင်းထုတ်ပြန်ထားသည်။

မိုင်းထိခဲ့သည့် အဆိုပါကားသည် လမ်းလယ်တွင် ရပ်တန့်သွားခဲ့ပြီး သေဆုံးသူများကို ဝက်လူးရွာဘက်သို့ အခြားကားတစ်စီးဖြင့် သယ်ဆောင်သွားသည်ဟု NPDF မှ တာဝန်ရှိသူကပြောသည်။

ဒါ့အပြင် နွားထိုးကြီး PDF သည် ခရီးသွားပြည်သူများအနေဖြင့် ကားလမ်းပိုင်း ခုနစ်ခုကို အသုံးပြုမည်ဆိုပါက ကားမှန်ချရန်၊ ည ၁၀နာရီမှ နံနက်၃ နာရီ အတွင်း သွားလာခြင်း မပြုလုပ်ရန်၊ စစ်ကောင်စီတပ်များ အသုံးပြုသည့် ကားများကို ဆက်လက်အသုံးမပြုရန် ၊ စစ်ကောင်စီတပ်များနှင့် လိုက်ပါလာခြင်းအပြင် ၎င်းတို့နှင့် နီးကပ်စွာ မောင်းနှင်ခြင်းများ မပြုလုပ်ကြရန် နောက်ဆုံးအကြိမ် သတိပေးချက်ကို ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါလမ်းပိုင်းများကို နွားထိုးကြီး PDF က ထုတ်ပြန်ခဲ့ရာ ရန်ကုန်- မန္တလေးအမြန်လမ်း၊ တောင်သာ-နွားထိုးကြီးလမ်း၊ မလှိုင်- နွားထိုးကြီးလမ်း၊ မြင်းခြံ- နွားထိုးကြီးလမ်း ၊ မြို့သာ- နွားထိုးကြီးလမ်း၊ မြစ်သာ- နွားထိုးကြီးလမ်း၊ တံတားဦး - မလှိုင် ခရိုင်ချင်းစပ်လမ်း စသည့်လမ်းများပါဝင်သည်။

ကားလမ်းပိုင်းများတွင် မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ဘုန်းကြီးကားများ ယူသုံးခြင်း၊ အိမ်စီးကားများ အသုံးပြုခြင်း၊ လူနာတင်ကားများ ယူသုံးခြင်းတို့ကြောင့် တော်လှန်ရေးအဖွဲ့များမှာ တိုက်ခိုက်ရေးပြုလုပ်ရာတွင် အခက်အခဲများစွာရှိနေသောကြောင့် သတိပေးရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#mizzima

#မန္တလေးအမြန်လမ်း

#နွားထိုးကြီးမြို့

#စစ်ကောင်စီ

#မိုင်းဆွဲတိုက်ခိုက်

#သတိပေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly