ပင်လယ်နက်ဆိပ်ကမ်းများ ပြန်ဖွင့်ရေး သဘောတူညီချက် ယူကရိန်းနှင့် ရုရှ လက်မှတ်ထိုးလိမ့်မည်ဟု တူရကီ ပြော

ပင်လယ်နက်ဆိပ်ကမ်းများ ပြန်ဖွင့်ရေး သဘောတူညီချက် ယူကရိန်းနှင့် ရုရှ လက်မှတ်ထိုးလိမ့်မည်ဟု တူရကီ ပြော

ဇူလိုင် ၂၂

ဂျုံတင်ပို့မှုများအတွက် ယူကရိန်း၏ ပင်လယ်နက် ဆိပ်ကမ်းများ ပြန်ဖွင့်ရေး ရုရှနှင့် ယူကရိန်းအကြား သောကြာနေ့၌ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးလိမ့်မည် ဖြစ်ကြောင်း တူရကီက ပြောသည်။ ယင်းသည် ရုရှ ကျူးကျော်စစ်ကြောင့် ဖြစ်ပေါ်ထားခဲ့သည့် နိုင်ငံတကာ စားနပ်ရိက္ခာ အကျပ်အတည်းတစ်ခု ပြေလျော့သွားနိုင်သည်ဆိုသည့် မျှော်လင့်ချက်များကို မြင့်တက်စေခဲ့သည်။

ကမ္ဘာ့ စားနပ်ရိက္ခာ အများဆုံး တင်ပို့သူနိုင်ငံများထဲတွင် ပါဝင်သည့် ယူကရိန်းနှင့် ရုရှတို့သည် တူရကီသမ္မတရုံး၏ ကြာသပတေးနေ့ ကြေညာချက်ကို လက်တလော အတည်ပြုခြင်း မရှိခဲ့ပေ။ သို့သော် ၎င်းတို့နိုင်ငံ၏ ပင်လယ်နက် ဆိပ်ကမ်းများ မကြာမီ ပြန်ပွင့်သွားနိုင်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ညပိုင်း ဗီဒီယိုမိန့်ခွန်းတစ်ခုတွင် အရိပ်အမြွက် ပြောသည်။

ဖေဖေါ်ဝါရီ ၂၄ ရက်က အိမ်နီးချင်း ယူကရိန်းနိုင်ငံထဲ စစ်သားများ ဝင်ရောက်စေရန် ရုရှသမ္မတ ဗလာဒီမာ ပူတင်က အမိန့်ပေးပြီးနောက်ပိုင်း ရုရှ၏ ပင်လယ်နက် ရေယာဉ်သင်္ဘောစု၏ ပိတ်ဆို့မှုကြောင့် ကမ္ဘာတစ်ဝန်း ဈေးကွက်များသို့ ဂျုံထောက်ပံ့ပေးပို့မှုများကို လျော့ကျစေခဲ့ပြီး ဂျုံဈေးနှုန်းများကို ထိုးတက်ထားစေခဲ့သည်။

ယခု သဘောတူညီချက်၏ အသေးစိတ်အချက်အလက် အလုံးစုံကို လက်တလော ထုတ်ပြန်ခြင်း မရှိသေးပေ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် တူရကီသို့ သွားရောက်နေသည်ဟု ကုလ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ ပင်လယ်နက် ဆိပ်ကမ်းများ ပြန်ဖွင့်ရေး သဘောတူညီချက်ကို သောကြာနေ့တွင် လက်မှတ်ရေးထိုးလိမ့်မည် ဖြစ်ကြောင်း တူရကီသမ္မတ တေယစ်ပ် အာဒိုဂန်၏ ရုံးက ပြောသည်။

စစ်မြေပြင်၌ တိုးတက်မှုရနိုင်ရေး ယူကရိန်းတပ်ဖွဲ့များ၏ အလားအလာအပေါ် အဓိက အာရုံစိုက်ပြောကြားခဲ့သည့် မိန့်ခွန်းထဲတွင် ဇယ်လန်စကီးက “ကျွန်တော်တို့ရဲ့ ဆိပ်ကမ်းတွေ ပြန်ဖွင့်ဖို့ ပတ်သက်လို့ မနက်ဖြန်ကျရင် တူရကီဆီကနေ ကျွန်တော်တို့နိုင်ငံအတွက် သတင်းကို ကျွန်တော်တို့ စောင့်မျှော်ပါမယ်” ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly