ပါကစ္စတန်ကို တင်ပို့သည့် ကျောက်မီးသွေး ဈေးနှုန်းများ အာဖဂန် တိုးမြှင့်

ပါကစ္စတန်ကို တင်ပို့သည့် ကျောက်မီးသွေး ဈေးနှုန်းများ အာဖဂန် တိုးမြှင့်

အာဖဂန်နစ္စတန်သည် ကျောက်မီးသွေး ပြည်ပတင်ပို့မှု မြင့်တက်နေစဉ် ပါကစ္စတန်သို့ တင်ပို့သည့် ကျောက်မီးသွေး ဈေးနှုန်းများကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၀ တိုးမြှင့် သတ်မှတ်လိုက်သည်။

အခွန်အကောက်များ တိုးမြှင့်လိုက်ခြင်းကြောင့် ပါကစ္စတန်သို့ တင်ပို့သည့် အာဖဂန်နစ္စတန်၏ ကျောက်မီးသွေးဈေးနှုန်းသည် တစ်တန်လျှင် ဒေါ်လာ ၈၀ အထိ ထပ်တိုးသွားခဲ့ကြောင်း အာဖဂန် သတ္တုနှင့် ရေနံ ဝန်ကြီးဌာနကို ကိုးကားပြီး Tolo News က ဖော်ပြသည်။

ကျောက်မီးသွေးများကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၀၀ ဖြင့် ရောင်းချလျက် ရှိရာတွင် ယခု အခွန်အကောက်သစ်များကြောင့် ကျောက်မီးသွေး ဝယ်ယူတင်သွင်းသူများအနေဖြင့် တစ်တန်လျှင် ဒေါ်လာ ၂၈၀ ပေးရန် လိုလိမ့်မည် ဖြစ်ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မတ်တူလာ ဘာဟန်က ပြောသည်။

အာဖဂန်နစ္စတန်သည် ပြီးခဲ့သည့် နှစ်လတာအတွင်း  ပါကစ္စတန်သို့ ကျောက်မီးသွေး တန်ချိန် ၁၀၀၀၀ တင်ပို့ခဲ့ပြီး အဆိုပါ ကျောက်မီးသွေး အများစုကို ပါကစ္စတန်စစ်တပ်နှင့် ဆက်နွယ်သည့် ကုမ္ပဏီများက ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ပြည်တွင်း မီဒီယာတစ်ခုက ဖော်ပြသည်။

ကျောက်မီးသွေး တင်သွင်းမှုကိစ္စနှင့်ပတ်သက်ပြီး အာဖဂန်တာဝန်ရှိသူများနှင့် ဆွေးနွေးရန် ပါကစ္စတန် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ဇူလိုင် ၁၇ ရက်တွင် ကဘူးလ်သို့ လာရောက်ဖွယ် ရှိကြောင်း စီးပွားရေး အသိုင်းအဝိုင်းက ပြောသည်ဟု Tolo News က ဖော်ပြသည်။

ပါကစ္စတန်သို့ ကျောက်မီးသွေး တင်ပို့မှုများ မြင့်တက်ခဲ့ပြီးနောက် များမကြာမီက အာဖဂန် ကျောက်မီးသွေး ဈေးနှုန်းပိုင်းတွင် သိသိသာသာ မြင့်တက်မှု ဖြစ်ပေါ်ခဲ့သည်။

“နှစ်နိုင်ငံအကြား ကုန်သွယ်ရာမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ၊ အခွင့်အလမ်းတွေ၊ စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ အာဖဂန် နဲ့ ပါကစ္စတန် ကိုယ်စားလှယ်အဖွဲ့တွေအကြား ဆွေးနွေးကြပါလိမ့်မယ်” ဟု ကုန်သည်ကြီးများအသင်း အကြီးအကဲ နာခီဘူလာ ဆာဖာအီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly