သီရိလင်္ကာသည် ကြွေးမြီပမာဏများပြားပြီး မူဝါဒအကန့်အသတ်ရှိသောနိုင်ငံများအတွက် သတိပေးချက်ဖြစ်ကြောင်း IMF ဒါရိုက်တာ ပြောကြား

သီရိလင်္ကာသည် ကြွေးမြီပမာဏများပြားပြီး မူဝါဒအကန့်အသတ်ရှိသောနိုင်ငံများအတွက် သတိပေးချက်ဖြစ်ကြောင်း IMF ဒါရိုက်တာ ပြောကြား

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က သီရိလင်္ကာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုများကို ထောက်ပြကာ ကြွေးမြီပမာဏများပြားသော နိုင်ငံများအနေဖြင့် သီရိလင်္ကာဖြစ်ရပ်ကို သင်ခန်းစာယူရန်နှင့် မူဝါဒ အကန့် အသတ်ရှိသောနိုင်ငံများအတွက် သတိပေးအမှတ်အသားဖြစ် ကြောင်း ဇူလိုင် ၁၆ ရက်တွင် ပြောကြားသည်။

ဇူလိုင် ၁၅ ရက်က စတင်ခဲ့သော အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ဂျီ-၂၀ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးများ (FMCBG) ၏ ပေါင်းစပ်အစည်းအဝေးတွင် IMF အကြီးအကဲက ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ယူကရိန်းစစ်ပွဲသည် ပိုမိုပြင်းထန်လာကာ ကုန်စည်နှင့် စားသောက်ကုန်ဈေးနှုန်းများအပေါ် ဖိအားပိုမိုများ လာသလို ဆက်လက်ဖြစ်ပွားနေသော ကပ်ရောဂါဆိုင်ရာ အနှောင့်အယှက်များနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းစဉ်များတွင် အကျပ်အတည်းဖြစ်ပေါ်မှုသည် စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုရှိကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

ရုရှားနှင့် ယူကရိန်းအကြား ဖြစ်ပွားနေသည့် လက်ရှိစစ်ပွဲကြောင့် ထွန်းသစ်စနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် ၄ လဆက်တိုက် အရင်းအနှီး ထွက်ခါမှုများနှင့် ကြုံတွေ့နေရသလို ယခုအခါ တိုးတက်ပြီးသော စီးပွားရေး အင်အားကြီးနိုင်ငံများကို အမီလိုက်ရန် ဆယ်စုနှစ် ၃ ခု ကြိုးစားရမည့် အန္တရာယ်နှင့် ကြုံတွေ့နေရသည်။

သီရိလင်္ကာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံးသော စီးပွားရေး အကျပ် အတည်းကို ရင်ဆိုင်နေရကာ နိုင်ငံအတွင်း အစားအစာ၊ ဆေးဝါး၊ ဟင်းချက်လောင်စာနှင့် လောင်စာဆီများ ကဲ့သို့သော မရှိမဖြစ်လိုအပ်သော ပစ္စည်းများပြတ်လပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။

နိုင်ငံခြားငွေအကျပ်အတည်းကြောင့် ပြည်ပကြွေးမြီဆပ်ရန်ပျက်ကွက်ခဲ့သည့် ချွတ်ခြုံကျလုနီးပါးဖြစ်နေသော နိုင်ငံသည် ၂၀၂၆ ခုနှစ်အထိ ပေးချေရမည့် စုစုပေါင်း ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံခန့်အနက် ယခုနှစ်အတွက် ပေးရမည့် နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ ၇ ဘီလီယံနီးပါးကို ဆိုင်းငံ့ထားကြောင်း ဧပြီလတွင် ကြေညာခဲ့သည်။

စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ယခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် စားနပ်ရိက္ခာပြတ်လပ်သွားဖွယ်ရှိသည့်  နိုင်ငံအနည်းငယ်စာရင်းတွင် သီရိလင်္ကာနိုင်ငံကိုလည်း ထည့်သွင်းဖော်ပြထားသည်။

ဂျီ-၂၀ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးများ အစည်းအဝေးသည် စိန်ခေါ်မှုအမျိုးမျိုးကြားတွင် ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာစေရေးအတွက် တွန်းအားပေးရန် ရည်ရွယ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly