တိဗက်တစ်ဦးကို တရုတ်အမျိုးသားများက သတ်ဖြတ်မှုအပေါ် ပြစ်သစ်တွင် ဆန္ဒပြ

တိဗက်တစ်ဦးကို တရုတ်အမျိုးသားများက သတ်ဖြတ်မှုအပေါ် ပြစ်သစ်တွင် ဆန္ဒပြ

ပြင်သစ်နိုင်ငံမြောက်ပိုင်း၌ တရုတ်အမျိုးသား ၃ ဦးက ဇူလိုင် ၁၁ ရက်တွင် တိဗက်လူမျိုးတစ်ဦးကို သတ်ဖြတ်လိုက်ခြင်းကြောင့် တိဗက်အသိုက်အဝန်းမှ ကိုယ်စားလှယ်များက သေဆုံးသွားသူအတွက် အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် ဇူလိုင် ၁၇ ရက်တွင် အဖြူရောင်ချီတက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြသည်။

အသက် ၃၂ နှစ်အရွယ် တိဗက်လူမျိုး ဆူလ်ထရင်းနွမ်ဂျာဆန်သည် ဖီးကမ့်ဆိပ်ကမ်းမြို့အနီး စိန့်လီယိုနာ့ အရပ်တွင် အလုပ်ဝင်သည်မှာ တစ်ပတ်မျှကြာပြီဖြစ်ပြီး Les Delices d’Asie စားသောက်ဆိုင်ရှေ့တွင် ခန္ဓာကိုယ်ဘေးဘက်အား ဓားဖြင့် ထိုးခံခဲ့ရခြင်းဖြစ်သည်။ တိုက်ခိုက်သူများမှာ ဆိုင်မန်နေဂျာ ၂ ဦးနှင့် ဝန်ထမ်းတစ်ဦးဖြစ်ပြီး Le Havre ဒေသအစိုးရရှေ့နေ၏ အမှုဖွင့်မှုအရ ၎င်းတို့ကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုအတွက် စွဲချက်တင်ကာ ထိန်းသိမ်းထားသည်ဟု DecodeThe News က ဖော်ပြသည်။

ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်နှင့်စပိန်စသည့် ဥရောပမှ တိဗက်လူမျိုးများသည် ဇူလိုင် ၁၇ ရက်က မကြုံစဖူး အင်းအားများပြားသောချီတက်ပွဲအဖြစ် ပန်းစည်းများနှင့်အတူ ပဲရစ်မြို့တွင် စုဝေးခဲ့ကြသည်။

လူအင်အားမှာ ၇ ၀၀၀ မှ ၁၀ ၀၀၀ အထိ ရှိနိုင်ကြောင်း ပြင်သစ်ရှိ တိဗက်အသိုက်အဝန်းမှ ကိုယ်စားလှယ်များက ပြောသည်။

“ဒီလိုမျိုး ကျွန်တော်တို့ တစ်ခါမှ မကြုံဖူးဘူး။ တကယ့်ကို တုန်လှုပ်စရာပါပဲ” ဟု ဥရောပရှိ ဒလိုင်းလားမားကိုယ်စားလှယ် မွန်ဒီရစ်ဇင်းဂန်ခန်က ပြောသည်။

ပဲရစ်၊ ရန်း၊ နန့်တ်၊ မာဆေးနှင့်တူလူးစ်မြို့မှ လာသည့် ရာနှင့်ချီသော တိဗက်လူမျိုးများသည် သေဆုံးသူအား ဂါရဝပြုရန် ဇူလိုင် ၁၄ ရက်က အခင်းဖြစ်ရာနေရာသို့ သွားခဲ့ကြသည်။

ပြစ်မှုကျူးလွန်သူများက သေဆုံးသူ၏ အလောင်းကို အမှိုက်ပစ်ရာနေရာအနီးတွင် ပလတ်စတစ်အိတ်ဖြင့် စွန့်ပစ်ထားခဲ့ခြင်းဖြစ်ကာ မြေပြင်ပေါ်တွင် သွေးစက်များကိုလည်း တွေ့ရှိရသည်ဟုဆိုသည်။ ထို့ကြောင့် ဆန္ဒပြသူများက စားသောက်ဆိုင်ကို ဖျက်ဆီး ခဲ့ကြသည်ဟု DecodeThe News က ဖော်ပြသည်။

ဆူလ်ထရင်းသည် တခြားတိဗက်များနည်းတူ နိုင်ငံမှ ထွက်ပြေးလာပြီးနောက် ၂၀၁၉ ခုနှစ်က ပြင်သစ်ကို ရောက်ရှိလာခဲ့ကြောင်း ၎င်း၏ ဇနီးက ပြောသည်။

“ရက်စက်တဲ့သတ်ဖြတ်မှုကြောင့် တရုတ်စားသောက်ဆိုင်မှာ အလုပ်လုပ်နေကြတဲ့ သူတွေအကြားမှာ စိုးရိမ်ကြောက်ရွံ့မှုတွေဖြစ်လာပြီး သူတို့ကိုယ်သူတို့ လုံခြုံတယ်လို့ မခံစားရဘူး” ဟု အဝေးရောက် တိဗက်ပါလီမန်မှ သူတန်ဂတ်ဆိုက ပြောသည်။

ပြင်သစ်ရှိ တိဗက်အများအပြားက ၁ လမျှ အလုပ်မဆင်းရန် ဆုံးဖြတ်ထားသည်ဟု ၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly