အာဖဂန်စစ်အတွင်း အရပ်သားသေဆုံးမှု စံချိန်တင်မြင့်တက်

အာဖဂန်စစ်အတွင်း အရပ်သားသေဆုံးမှု စံချိန်တင်မြင့်တက်

ကဘူးလ်၊ ဖေဖော်ဝါရီ ၁၄ ။           ။ နိုင်ငံတကာတပ်ဖွဲ့အများစု ရုပ်သိမ်းသွားပြီနောက် ထကြွလာသည့် အကြမ်းဖက်မှုများ ပျံ့နှံ့ဖြစ်ပွား၍ ၂၀၁၅ ခုနှစ်အတွင်း ခုနစ်လတာကာလ၌ အာဖဂန်နစ္စတန်နိုင်ငံတွင် စစ်ပွဲအတွင်း သေဆုံးသည့် အရပ်သားဦးရေသည် စံချိန်တင်မြင့်တက်ခဲ့ကြောင်း ကုလသမဂ္ဂက ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့်နှစ်အတွင်း တိုက်ပွဲများအတွင်း သေဆုံးသည့် အရပ်သားဦးရေသည် ၃၅၄၅ ဦးရှိပြီး ဒဏ်ရာရသူဦးရေမှာ ၇၄၅၇ ဦးရှိရာ ၂၀၁၄ ခုနှစ်အတွင်းကထက် ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကုလသမဂ္ဂ၏ အရပ်သားများ သေကျေပျက်စီးမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

"အရပ်သားများအား ထိခိုက်မှုများ ပြုလုပ်ခြင်းသည် လုံးလုံးလက်ခံနိုင်စရာမရှိပါ။"ဟု အာဖဂန်နစ္စတန် ကုလသမဂ္ဂအကူအညီပေးရေးမစ်ရှင် အကြီးအကဲ နီကိုလပ်စ်ဟေဆွန်က ပြောသည်။

အနောက်အုပ်စုထောက်ခံသည့် အစိုးရတပ်ဖွဲ့များနှင့် သောင်းကျန်းသူများကြားက ထင်ရာစိုင်းပြင်းပြင်းထန်ထန်တိုက်ခိုက်ခြင်းများက အရပ်သားများအတွက် ညှပ်ပူးညှပ်ပိတ်ဖြစ်စေသည့် စစ်တလင်းသဖွယ်ဖြစ်နေကြောင်း စုံစမ်းစစ်ဆေးသူများက ပြောသည်။

မြေပြင်ထိပ်တိုက်တိုက်ပွဲများဖြစ်ခြင်းက အရပ်သားများ သေဆုံးမှု၏ ၃၇ ရာခိုင်နှုန်းရှိပြီး လမ်းဘေးဗုံးပေါက်ကွဲခြင်းက ၂၁ ရာခိုင်နှုန်းနှင့် အသေခံတိုက်ခိုက်ခြင်းများကြောင့် ၁၇ ရာခိုင်နှုန်း သေဆုံးကြရခြင်းဖြစ်သည်။

အမျိုးသမီးများနှင့် ကလေးများက အဓိကထိခိုက်မှုဖြစ်ရပြီး အရပ်သားသေဆုံးမှုတွင် အမျိုးသမီးများက ၃၇ ရာခိုင်နှုန်းနှင့် ကလေးငယ်များက ၁၄ ရာခိုင်နှုန်းရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly