အလယ်တန်းကျောင်းများ ဆက်ပိတ်ထားမှုကြောင့် အာဖဂန်မိန်းကလေးများ စိတ်ဓာတ်ကျစရာ အနာဂတ်နှင့် ရင်ဆိုင်နေရ

By Zee5
20 July 2022
အလယ်တန်းကျောင်းများ ဆက်ပိတ်ထားမှုကြောင့် အာဖဂန်မိန်းကလေးများ စိတ်ဓာတ်ကျစရာ အနာဂတ်နှင့် ရင်ဆိုင်နေရ

အာဖဂန်နစ္စတန်တွင် မိန်းကလေး အလယ်တန်းကျောင်းပညာသင်ကြားမှုအပေါ် တာလီဘန်တို့ ပိတ်ပင်ထားခြင်းကြောင့် မိန်းကလေးများအတွက် ရက်ပေါင်း ၃၀၀ ကြာ ပညာသင်ယူမှု အခွင့်အရေးများ ဆုံးရှုံး ခဲ့ရပြီး ၎င်းတို့အတွက်သာမက ၎င်းတို့၏ မိသားစုများနှင့် နိုင်ငံ၏ အနာဂတ်အတွက် ထိခိုက်နစ်နာစေသော အကျိုးဆက်များကို ဖြစ်ပေါ်စေကြောင်း နယူးယော့ခ် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က ဇူလိုင် ၁၃ ရက်တွင် ဗီဒီယိုသစ်တစ်ခုထဲ၌ ပြောဆိုလိုက်သည်။

ယင်း ဗီဒီယိုတွင် လူသိများ ထင်ရှားသော အာဖဂန် အမျိုးသမီး ခြောက်ဦး ဖြစ်သည့် ရုပ်ရှင်ရိုက်ကူးသူ တာမာနာ အယာဇီ၊ HRW သုတေသီ ဆာဟာ ဖီထရတ်၊ ဂျာနယ်လစ်များ ဖြစ်ကြသည့် ယယ်လ်ဒါ ဟာကင်မ် နှင့် ဇာဟ်ရာ ဂျိုယာ၊ ဂီတပညာရှင် အီလာဟာ ဆိုရူးနှင့် တက်ကြွလှုပ်ရှားသူ ဟီးလာ ယွန်း တို့ ပါဝင်ကြသည်။ ပညာရေးက ၎င်းတို့၏ ဘဝများကို မည်ကဲ့သို့ ပြောင်းလဲစေခဲ့သလဲ ဆိုသည်နှင့် ယခုမျိုးဆက် အာဖဂန်မိန်းကလေးများအပေါ် လက်ရှိ ပိတ်ပင်မှု၏ ထိခိုက်စေသည့် အကျိုးဆက်များနှင့်ပတ်သက်ပြီး ၎င်းတို့က ဆွေးနွေးခဲ့ကြသည်။

“မိန်းကလေးတွေကို ပညာသင်ယူခွင့် ပြုသင့်သလား ဆိုတာနဲ့ပတ်သက်လို့ ဒီ ၂၀၂၂ ခုနှစ်ထဲမှာ ကျွန်မတို့ ပြောဆိုဆွေးနွေးမှု လုပ်နိုင်တာက ယုံနိုင်စရာ မရှိလောက်အောင် ခံစားမိပါတယ်” ဟု HRW ၏ အမျိုးသမီး အခွင့်အရေးဆိုင်ရာ လက်ထောက်သုတေသီနှင့် ပရောဂျက်၏ ထုတ်လုပ်သူ ဆာဟာ ဖီထရတ်က ပြောသည်။ “ကျွန်မတို့နဲ့ ဆွေးနွေးပြောဆိုတဲ့ ထက်မြက်တဲ့ အာဖဂန်အမျိုးသမီးတွေကို ကျွန်မတို့ အထူးပဲ ကျေးဇူးတင်ပါတယ်။ ကမ္ဘာကြီးအနေနဲ့ သူတို့ ပြောတာတွေကို နားထောင်ပေးသင့်သလို ဒီလို ထိတ်လန့်ဖွယ် အခွင့်အရေးချိုးဖောက်မှုကို အဆုံးသတ်စေဖို့ ဒီထက် ပိုလုပ်ပေးသင့်ပါတယ်။ နေ့စဉ် နေ့တိုင်း အာဖဂန် မိန်းကလေး သန်းနဲ့ချီတို့ဟာ သူတို့ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အိပ်မက်တွေ၊ အခွင့်အလမ်းတွေကို ဆုံးရှုံးနေရတယ်” ဟု ၎င်းက ပြောသည်။

အာဖဂန်နစ္စတန်တွင် ၂၀၂၁ ခုနှစ် ဩဂုတ်လက တာလီဘန်တို့ အာဏာပြန်ရပြီးနောက် အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးများ အပါအဝင် အခြေခံ အခွင့်အရေးများအပေါ် တင်းကျပ်စွာ ပိတ်ပင်ကန့်သတ်သည့် မူဝါဒများကို ချမှတ်ခဲ့သည်။ ၎င်းတို့သည် အစိုးရဌာနများရှိ ခေါင်းဆောင်ပိုင်း ရာထူးနေရာများမှ အမျိုးသမီးအားလုံးကို ထုတ်ပယ်ခဲ့သလို ပြည်နယ် အများစုတွင်လည်း မိန်းကလေးများကို အလယ်တန်းကျောင်းပညာ တက်ရောက်သင်ကြားခြင်းအပေါ် ပိတ်ပင်တားမြစ်ထားခဲ့သည်။ ထို့ပြင် အမျိုးသား ဆွေမျိုးတစ်ဦး အဖော်မပါဘဲ အမျိုးသမီးများ ခရီးသွားလာမှုအပေါ် တားမြစ်သည့် ညွှန်ကြားချက်နှင့် အမျိုးသမီး ရုပ်သံ သတင်းကြေညာသူများ အပါအဝင် အမျိုးသမီးများကို လူမြင်ကွင်း၌ မျက်နှာဖုံးကာထားခိုင်းသည့် ညွှန်ကြားချက်များကို တာလီဘန်တို့ ထုတ်ပြန်ထားကြောင်း HRW က ဖော်ပြသည်။

ထို့ပြင် တာလီဘန်တို့သည် ကျယ်ပြန့်သည့် ဆင်ဆာဖြတ်တောက်မှုကို လုပ်ဆောင်ထားသလို ဆန်းစစ်ဝေဖန် သတင်းရေးသားဖော်ပြမှုအပေါ် ကန့်သတ်ထားခဲ့ကာ ဂျာနယ်လစ်များကို ဖမ်းဆီးထိန်းသိမ်း ရိုက်နှက်မှုများ လုပ်ဆောင်ထားခဲ့သည်။ ထို့ပြင် တာလီဘန် တပ်ဖွဲ့ဝင်များသည် ယခင်အစိုးရ အရာရှိဟောင်းများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်ဟောင်းများကို လက်တုန့်ပြန် သတ်ဖြတ်ခြင်းများ၊ အတင်းအကျပ် ဖမ်းဆီး ဖျောက်ဖျက်မှုများကိုလည်း လုပ်ဆောင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly