ထိုင်ဝမ်ကို လက်နက်ရောင်းချမှုအစီအစဉ်ရုပ်သိမ်းရန် တရုတ်က အမေရိကန်ကို တောင်းဆို

ထိုင်ဝမ်ကို လက်နက်ရောင်းချမှုအစီအစဉ်ရုပ်သိမ်းရန် တရုတ်က အမေရိကန်ကို တောင်းဆို

ထိုင်ဝမ်အား အမေရိကန်ဒေါ်လာ ၁၀၈ သန်းတန်ဖိုးရှိ စစ်ရေးနည်းပညာအကူအညီများရောင်းချမှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုလိုက်ပြီးနောက် တရုတ်က အမေရိကန်၏ လက်နက် ရောင်းချမှု အစီအစဉ်အား ပြတ်ပြတ်သားသား ကန့်ကွက်လိုက်ပြီး အဆိုပါအစီအစဉ်အား ဖျက်သိမ်းရန် အမေရိကန်အား တိုက်တွန်းလိုက်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက တရုတ်နိုင်ငံ၏ ထိုင်ဝမ်ဒေသသို့ အမေရိကန်လက်နက်များ ရောင်းချခြင်းသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲ ကြေညာချက် (အထူးသဖြင့် သြဂုတ် ၁၇ ပြန်တမ်း) ကို ဆိုးဆိုးရွားရွား ချိုးဖောက်ပြီး တရုတ်နိုင်ငံ၏ အချုပ် အခြာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွားကို အကြီးအကျယ် ထိခိုက်စေကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သဘောတူညီချက်သည် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုလည်း ဆိုးရွားစွာထိခိုက်စေသည်ဟု ဆိုသည်။

“တရုတ်အနေနဲ့ ဒီကိစ္စကို အပြင်းအထန် ဆန့်ကျင့်ကန့်ကွက်ပါတယ်။ အမေရိကန်ဘက်ကိုလည်း ကန့်ကွက်လွှာတင်ပြထားပါတယ်”ဟု ဝမ်ကို ကိုးကား၍ ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်တစ်နိုင်ငံမူဝါဒနှင့် တရုတ်-အမေရိကန်ပူးတွဲကြေညာချက်ကို လိုက်နာရန် ၊ ထိုင်ဝမ်သို့ လက်နက်ရောင်းချမှု အစီအစဉ်ကို ရုပ်သိမ်းရန်နှင့် ထိုင်ဝမ်အား လက်နက်ရောင်းချခြင်းနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများကို ရပ်တန့်ရန် အမေရိကန်ကို တိုက်တွန်းခဲ့သည်ဟု ဝမ်ကဆိုသည်။

လက်နက်ရောင်းချမည့်အစီအစဉ်သည် ထိုင်ဝမ်၏ လက်နက်ကိုင်တပ်ဖွဲ့များ ခေတ်မီစေရန်နှင့် ယုံကြည်ရလောက်သော ခံစစ်စွမ်းရည်ကို ဆက်လက်ထိန်းသိမ်းထားရန် ထိုင်ဝမ်၏ ဆက်လက်ကြိုးပမ်း အားထုတ်မှုများကို ပံ့ပိုးပေးခြင်းအားဖြင့် အမေရိကန်၏ အမျိုးသားရေး၊ စီးပွားရေးနှင့် လုံခြုံရေး အကျိုး စီးပွားတို့ကို ဖြည့်ဆည်းခြင်းဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဌာနက ပြောကြားခဲ့သည်။

ပင်တဂွန်စစ်ဌာနချုပ်၏အဆိုအရ ရောင်းချမှုသည် ဝယ်ယူသူ၏လုံခြုံရေးကို မြှင့်တင်ပေးမည်ဖြစ်သလို နိုင်ငံရေး ဆိုင်ရာ တည်ငြိမ်မှု၊ စစ်ရေးဟန်ချက်ညီမှု၊ စီးပွားရေးနှင့် ဒေသတွင်းတိုးတက်မှုတို့ကို ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်သည်။

ဆယ်စုနှစ်များစွာ သီးခြားအုပ်ချုပ်ခဲ့သော်လည်း ထိုင်ဝမ်ကို ၎င်း၏ပြည်နယ်အဖြစ် မှတ်ယူထားသည့် တရုတ်နိုင်ငံသည် ယခင်ကလည်း အမေရိကန်နှင့် ထိုင်ဝမ်အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required