စစ်ကိုင်း-မုံရွာလမ်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံး 

စစ်ကိုင်း-မုံရွာလမ်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံး 

ဇူလိုင်လ ၂၀ ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မုံရွာကားလမ်းမပေါ်တွင်  ဖြတ်သန်းသွားလာနေသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force တပ်ဖွဲ့ထံမှ သိရသည်။

မုံရွာမြို့သို့ဦးတည်ကာ စစ်ကိုင်းမှထွက်ခွာလာသည့် ကား ၁၁ စီးပါ  စစ်ကောင်စီယာဉ်တန်းကို ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၃ နာရီအချိန်က  မြင်းမူမြို့နယ် နဘဲကြူးဇရပ်နှင့် ကန်ဖျားဇရပ်ကြားတွင်  ရှေ့ထွက် မိုင်းလေးလုံးဖြင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စတင်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက်အဆိုပါယာဉ်တန်းကန်ဖျားဇရပ်အနီးရောက်ရှိလာသည့်အချိန်တွင်လည်း ဒုတိယအကြိမ် မိုင်း လေးလုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ စစ်ကိုင်းကနေ မုံရွာကိုသွားတဲ့ ယာဉ်တန်းပါ။ စစ်ကား ၁၁ စီးပါပါတယ်။ အဲ့ဒီယာဉ်တန်းရဲ့ ငါးစီးမြောက် ကားကို နှစ်နေရာခွဲပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှုတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ အခုတော့ အဲဒီယာဉ်တန်း မုံရွာမြို့ထဲ ရောက်နေပါပြီ ” ဟု Moe Nyo Revolution  Force တာဝန်ရှိသူက ပြောသည်။ 

ထို့ပြင် ယင်းနေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင်ပင် မုံရွာမြို့အနောက်ဘက်မှ ကြေးနီများတင်ဆောင် လာသည့် ၁၃ စီးပါ စစ်ကောင်စီယာဉ်တန်း၏ ကိုးစီးမြောက်ကားကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပဒေသာမိုင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ အဲ့နေ့ ညနေပိုင်းမှာပဲ  မုံရွာဘက်ကထွက်လာပြီး ကြေးနီတွေ တင်ဆောင်လာတဲ့ ၁၃ စီးပါယာဉ်တန်းကို ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ နဘဲကြူးဇရပ်အနီးမှာ မိုင်း ၁၂ လုံးနဲ့ တိုက်ခိုက်ရာမှာ ကိုးစီးမြောက်ကားကို ထိပြီး ကားက တော်တော်လေးပျက်စီးသွားပါတယ်။ 

ကားခေါင်းခန်းထဲမှာတော့ ၃ ယောက်ပါတယ်။ အစောင့်နှစ်ယောက်နဲ့ မောင်းနှင်သူ တစ်ယောက်ပါ” ဟု   Moe Nyo Revolution  Force တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

မိုင်းဆွဲတိုက်ခိုက်မှုသုံးခုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ခုနစ်ဦးသေဆုံးခဲ့ကာ ယာဉ်တန်းမှကားအချို့ ပျက် စီးမှုများရှိခဲ့ပြီး ပြန်လည်ပစ်ခတ်မှုများကြားမှ  ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို Moe Nyo Revolution Force M.N.R.F၊ PENTAGRAM ငါးထောင့်ကြယ်၊ People’s Guerillas Commando – Myinmu နှင့် PEOPLE REVOLUTION FORCE P.R.F တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ ကြခြင်းဖြစ်သည်။

စစ်ကိုင်း-မုံရွာလမ်းတွင် ဖြတ်သန်းသွားလာသည့် စစ်ကောင်စီယာဉ်တန်းများကို  ဒေသကာကွယ်ရေး တပ်ဖွဲ့များက ၎င်းတို့လှုပ်ရှားရာနယ်မြေအလိုက် မိုင်းဆွဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် အဆိုပါ လမ်းပိုင်းပေါ်တွင် သွားလာနေသည့် ပြည်သူများအနေဖြင့် စစ်ကောင်စီယာဉ်တန်းများနှင့်ဝေးရာမှ ရှောင်ရှားသွားလာ ကြ ရန်လည်း ကာကွယ်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly