ချောင်းဦးမြို့အနီး စစ်ကောင်စီယာဥ် မိုင်းဆွဲခံရမှု ၁၀ ဦးသေဆုံးဟု ကာကွယ်ရေးတပ်ဘက်ကဆို

ချောင်းဦးမြို့အနီး စစ်ကောင်စီယာဥ် မိုင်းဆွဲခံရမှု ၁၀ ဦးသေဆုံးဟု ကာကွယ်ရေးတပ်ဘက်ကဆို

ဇူလိုင်လ ၂၀ ရက်

မန္တလေး-မုံရွာကားလမ်းမအတိုင်း မန္တလေးဘက်မှထွက်ခွာလာသည့် စစ်ကောင်စီကား ၁၄ စီးပါယာဥ်တန်း ချောင်းဦးမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ကာကွယ်ရေးတပ်ဘက်က ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါယာဥ်တန်းတွင် ဆီဘောက်ဆာကား တစ်စီး၊ လက်နက်တင်ဆောင်လာသည့်ကား တစ်စီးပါဝင်ပြီး ကျန်ကားများမှာ ရိက္ခာနှင့် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့်ကားများဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ညနေ၄ နာရီဝန်းကျင်တွင် အဆိုပါယာဥ်တန်းကို ချောင်းဦးမြို့နှင့် ငါးယှန်ကျေးရွာကြား အဆင့်မြှင့်ထားသည့် ပဒေသာမိုင်း ခုနစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့မိုင်းဆွဲလိုက်တဲ့ ၁၂ စီးမြောက်ကားကတော့ လူအပြည့်ပေါ့ဗျာ။ သေဆုံးမှုကို အတည်ပြုတာကတော့ ကျွန်တော်တို့မြေပြင်မှာ ကင်းထောက်ရဲဘော်တွေရှိတယ်။ ပြီးကြတော့ လုပ်တဲ့နေရာက မြို့နားမှာဆိုတော့ ကျွန်တော်တို့ယုံကြည်စိတ်ချရတဲ့ သူတို့ကို ကင်းထောက်ပေးနေတဲ့သူတွေရှိတယ်ဗျ” ဟု Chaung U Local Defence Force (CLDF) တာဝန်ခံ ကိုအောင်ဇေက ပြောသည်။

အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးကာ ငါးဦး ဒဏ်ရာပြင်းထန်ကြောင်း မိုင်းဆွဲမှုပြုလုပ်ခဲ့သည့် Chaung U Local Defence Force (CLDF) နှင့် မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်တို့မှ အသီးသီးထုတ်ပြန်ထားသည်။ သို့သော် မဇ္ဈိမမှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“နှစ်ဖွဲ့စလုံးရဲ့မိုင်းတွေပေါ့။ စုစုပေါင်း ခုနစ်လုံးဆွဲတာ။ ကျွန်တော်တို့မိုင်းက နှစ်လုံး၊ ချောင်းဦးအဖွဲ့ဟာကတော့ ငါးလုံး။ ကျွန်တော်တို့ဟာက အဆင့်မြှင့်ထားတဲ့ ရှေ့ထွက်မိုင်း၊ သူတို့ဟာကတော့ အကုန်ကွဲတဲ့ ဘေးကွဲမိုင်းတွေ။ ပွိုင့်တစ်ခုထဲမှာပဲဆွဲတာ။ ခုနစ်လုံးတစ်ပွိုင့်။ အဲ့တော့ ထိထိမိမိဖြစ်တာပေါ့” ဟု မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ခံ ဗိုလ်တိုက်ဂါးက ပြောသည်။

ယခုစစ်ဆင်ရေးတွင် အသုံးပြုခဲ့သည့် မိုင်းများ၏ ပါဝင်ပစ္စည်းများထက် ပိုမိုကောင်းမွန်သည့် ပစ္စည်းများဝယ်ယူအသုံးပြုနိုင်မည်ဆိုပါက ပိုကောင်းသည့်ရလဒ်ထွက်ပေါ်လာနိုင်သေးကြောင်းလည်း ဗိုလ်တိုက်ဂါးက ဆိုသည်။

အဆိုပါဖြစ်စဥ်ပြီးနောက် ယင်းနေရာတစ်လျှောက် စစ်ကောင်စီတပ်သားများမှ ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြသော်လည်း ကာကွယ်ရေးတပ်ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။

၎င်းယာဥ်တန်းမှာ ချောင်းဦးမြို့၌ ရပ်နားခြင်းမပြုဘဲ မုံရွာမြို့သို့ ဆက်လက်ထွက်ခွာရာ ယမန်နေ့ ညနေ ၆ နာရီဝန်းကျင်က ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

မိုင်းစစ်ဆင်ရေးအတွင်း ထိခိုက်သွားသည့်ယာဥ်ကိုလည်း ကရိန်းကားဖြင့်ဆွဲကာ တစ်ပါတည်းသယ်ဆောင်သွားကြောင်း သိရသည်။

ချောင်းဦးမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - CHUPDF ကလည်း ယင်းမိုင်းဆွဲမှုဖြစ်ခဲ့သည့် ချောင်းဦး-မုံရွာလမ်းပိုင်းကို အများပြည်သူသွားလာခြင်း လုံးဝမပြုလုပ်ရန် ယမန်နေ့ နံနက်ပိုင်းက ကြိုတင်စာထုတ်ပြန် အသိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly