မလေးရှား၌ ဒေါ်လာ ၁၈ သန်း တန်ဖိုးရှိ ရှားပါးတိရစ္ဆာန်အစိတ်အပိုင်းများကို ဖမ်းဆီးရမိ

မလေးရှား၌ ဒေါ်လာ ၁၈ သန်း တန်ဖိုးရှိ ရှားပါးတိရစ္ဆာန်အစိတ်အပိုင်းများကို ဖမ်းဆီးရမိ
Photo - AFP

ဇူလိုင် ၁၉

မလေးရှားနိုင်ငံတွင် အာဖရိကမှ ရောက်လာသည်ဟု ယုံကြည်ရသည့် ဒေါ်လာ ၁၈ သန်း တန်ဖိုးရှိ ရှားပါးတိရစ္ဆာန်အစိတ်အပိုင်းများကို ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန် တာဝန်ရှိသူများက ဇူလိုင် ၁၈ ရက်တွင် ပြောသည်။ အဆိုပါ သိမ်းဆည်းရမိသည့် တိရစ္ဆာန်အစိတ်အပိုင်းများထဲတွင် ဆင်စွယ်များ၊ ကြံ့ချိုများနှင့် သင်းခွေချပ် အကြေးခွံများ ပါဝင်သည်။

အဆိုပါ အရှေ့တောင်အာရှနိုင်ငံသည် တောရိုင်းတိရစ္ဆာန် တရားမဝင် မှောင်ခိုကူးမှုအတွက် ဗဟိုချက်တစ်ခု ဖြစ်ပြီး တိရိစ္ဆာန်အစိတ်အပိုင်းများကို ယင်းနိုင်ငံကို ဖြတ်လျက် အကျိုးအမြတ် များသော ဒေသတွင်း ဈေးကွက်များသို့ ပို့ဆောင်သည်။

ဇူလိုင် ၁၀ ရက်က မှောင်ခိုကူးရန် ကြိုးပမ်းမှုတစ်ရပ်ကို မလေးရှား အာဏာပိုင်များ ဟန့်တားနိုင်ခဲ့ပြီး ယင်းတွင် နိုင်ငံ အနောက်ဘက် ကမ်းရိုးတန်း ပေါ့ကလန်း၌ သစ်များနှင့်အတူ ကုန်သေတ္တာတစ်ခုထဲ ဖုံးဝှက်ထားသည့် တရားမဝင် ကုန်စည်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

သိမ်းဆည်းရမိသည့် အဆိုပါ ကုန်ထဲတွင် ခန့်မှန်းအလေးချိန် ၆,၀၀၀ ကီလိုဂရမ်ရှိ ဆင်စွယ်များ ပါဝင်ရာ ယင်းက နိုင်ငံ၌ တစ်ကြိမ်တည်းဖြင့် ဆင်စွယ်များကို အများဆုံး ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း အကောက်ခွန် ဌာနအကြီးအကဲ ဇာဇူလီ ဂျိုဟန်က ပြောသည်။

ထို့ပြင် ၂၉ ကီလိုဂရမ်အလေးချိန်ရှိ ကြံ့ချိုများ၊ ၁၀၀ ကီလိုဂရမ် အလေးချိန်ရှိ သင်းခွေချပ် အကြေးခွံများနှင့် ကီလိုဂရမ် ၃၀၀ အလေးချိန်ရှိ တိရစ္ဆာန်ဦးခွံများနှင့် အခြားအရိုးများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

ယခု သိမ်းဆည်းရမိသော တိရစ္ဆာန် အစိတ်အပိုင်းများ၏ ခန့်မှန်းတန်ဖိုးမှာ ဒေါ်လာ ၁၈ သန်း (ရင်းဂစ် သန်း ၈၀) ဖြစ်ကြောင်းနှင့် ယင်းတို့က အာဖရိကမှ ရောက်လာသည်ဟု ယုံကြည်ရကြောင်း ၎င်းက ပြောသည်။ အခြားအသေးစိတ်အချက်အလက်များကို ၎င်းက ထပ်မံပြောဆိုခြင်း မရှိပေ။

မလေးရှားသည် ယခု ကုန်စည်၏ ခရီးဆုံးနေရာ မဟုတ်ခဲ့ကြောင်း ဇာဇူလီက ပြောသော်လည်း ယင်းကုန်စည်က မည်သည့်နေရာသို့ ဦးတည်ခဲ့သလဲ ဆိုသည်ကို ၎င်းက မပြောခဲ့ပေ။

ဆင်စွယ်များနှင့် သင်းခွေချပ် အကြေးခွံများကဲ့သို့ တိရစ္ဆာန် အစိတ်အပိုင်းများသည် တရုတ်နှင့် ဗီယက်နမ် အပါအဝင် နိုင်ငံအချို့တွင် ပေါ်ပြူလာဖြစ်ပြီး ယင်းတို့ကို တိုင်းရင်းဆေး ဖော်စပ်ရာတွင် အသုံးပြုသည်။

ယခု တိရစ္ဆာန် အစိတ်အပိုင်းများ သိမ်းဆည်းရမှုနှင့်ပတ်သက်ပြီး လူဖမ်းဆီးအရေးယူမှု မရှိခဲ့ပေ။

ယခု တိရစ္ဆာန် အစိတ်အပိုင်းများ သိမ်းဆည်းရမှုက “သိသာထင်ရှားသည့် သိမ်းဆည်းရမိမှု” ဖြစ်ကြောင်း တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှု စောင့်ကြည့်အဖွဲ့ Traffic ၏ အရှေ့တောင်အာရှ ညွှန်ကြားရေးမှူး ကာနီသာ ခရစ်ရှ်နာဆာမိုင်က ပြောသည်။

“ခုလို ရှားပါး တိရစ္ဆာန် မျိုးစိတ် အစိတ်အပိုင်း ပေါင်းစုံကို တစ်ကြိမ်တည်းနဲ့ ဖမ်းဆီးရမိတာက စိုးရိမ်စရာ ကောင်းပါတယ်။ ပြစ်မှု ကျူးလွန်သူတွေဟာ တရားမဝင် တောရိုင်းတိရစ္ဆာန်တွေကို ရွှေ့ပြောင်းဖို့ မလေးရှားဆိပ်ကမ်းတွေကို ဆက်လက် အသုံးပြုနေတယ်ဆိုတဲ့ သံသယကို ဒါက မလွဲဧကန် အတည်ပြုပေးနေပါတယ်” ဟု သူမက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly