ထိုင်းနိုင်ငံတွင်ထိန်းသိမ်းခံထားရသော ရှင်ကျန်းမှဝီဂါ ၃ ဦး ထွက်ပြေး

ထိုင်းနိုင်ငံတွင်ထိန်းသိမ်းခံထားရသော ရှင်ကျန်းမှဝီဂါ ၃ ဦး ထွက်ပြေး

တရုတ်နိုင်ငံ ရှင်ကျန်းဒေသမှ ထွက်ပြေးခဲ့ပြီးနောက် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် ဝီဂါအမျိုးသား ၃ ဦးသည် ဇူလိုင် ၁၆ ရက်က ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း RFA က ဖော်ပြသည်။

တရုတ်အစိုးရ၏ ဖိစီးနှိပ်စက်မှုကို နှစ်ရှည်လများ ခံခဲ့ရသည့် မွတ်စလင်လူနည်းစု ဝီဂါအများစုသည် ပြင်းထန်သော ဖိနှိပ်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် တူရကီ သို့မဟုတ် အခြားနိုင်ငံများတွင် ခိုလှုံခွင့်ရရန် မျှော်လင့်ချက်ဖြင့် ထိုင်းနိုင်ငံကို ဖြတ်ကျော်ရန် ကြိုးပမ်းခဲ့ကြသည်။

သို့သော် ၎င်းတို့ထဲမှ အများစုမှာ ထိုင်းနိုင်ငံ ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရကာ သောင်မတင်ရေမကျဖြစ်လျက်ရှိသည်။ တရုတ်က အဆိုပါ ဝီဂါလူနည်းစုများကို ပြန်လိုချင်နေသလို ထိုင်းနိုင်ငံကလည်း မည်သို့လုပ်ရမည်ကို မဆုံးဖြတ်ရသေးကြောင်း နိုင်ငံတွင်းရှိ ဝီဂါဒုက္ခသည်များကို
ကူညီနေသည့် ထိုင်းအင်န်ဂျီအိုအဖွဲ့အစည်းဖြစ်သည့် People's Empowerment Foundation မှ ဒါရိုက်တာ ချာလီဒါတာဂျာရိုအန်ဆပ်က ပြောသည်။

“သူတို့ဟာ ၁၀ နှစ်နီးပါး အထိန်းသိမ်းခံထားရတာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ သူတို့ကို ပြန်လွှတ်ပေးပြီး အခြေချနေထိုင်ဖို့ နေရာကောင်းတစ်ခုရှာနိုင်ဖို့ စဉ်းစားပေးသင့်တယ်။ တရုတ်နိုင်ငံကို ဘယ်တော့မှ ပြန်မပို့သင့်ဘူး။ ဘာလို့လဲဆိုတော့ အဲဒါဟာ သူတို့ကို သေလမ်းပို့လိုက်သလိုပါပဲ ။

ထိုင်းအစိုးရအနေနဲ့ သူတို့ကို တတိယနိုင်ငံကို သွားခွင့်ပြုလိုက်ရင် ကျွန်တော်တို့ အလွန်ကျေးဇူးတင်မိမှာပါ။ ဒါပေမယ့် တရုတ်အစိုးရက ထိုင်းကို ဖိအားပေးတဲ့တွက် ဒါက ဘေးကျပ်နံကျပ်အခြေအနေဖြစ်နေပါတယ်” ဟု ချာလီဒါက ဇွန်လတွင် BenarNews သို့ ပြောကြားခဲ့သည်။

လူ့အခွင့်အရေးအဖွဲ့များက ဝီဂါများအား နှစ်ရှည်ထိန်းသိမ်းထားမှုကို အဆုံးသတ်ရန် ထိုင်းအစိုးရကို တောင်းဆိုပြီးနောက် ဝီဂါ ၃ ဦး ထွက်ပြေးလွတ်မြောက်သွားသည့်ဖြစ်ရပ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုသို့လွတ်မြောက်သွားပြီးနောက် ထိုင်းအာဏာပိုင်များက ဝီဂါအမျိုးသား ၃ ဦးကို ရှာဖွေလျက်ရှိသည်ဟု ရဲတပ်ဖွဲ့စုံစမ်းရေးမှူးကို ကိုးကား၍ RFA က ဖော်ပြသည်။

ဝီဂါ ၃ ဦးသည် ထိုင်းနိုင်ငံအနောက်ပိုင်း ပရာချွတ်ခီရီခန်ပြည်နယ်ရှိ ထိန်းသိမ်းရေးစခန်းမှ သတ္တုချောင်းများကို လက်နက်အဖြစ်အသုံးချကာ အာရုဏ်မတက်မီတွင် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ရဲမှူးကြီး ရက်တာပွန်တိုင်ယာဆပ်က ပြောသည်။

နိုင်ငံတစ်ဝန်းရှိ ထိန်းသိမ်းရေးစခန်းများတွင် ဝီဂါလူမျိုး ၅၂ ဦးမှ ၅၆ ဦးအထိ ထိန်းသိမ်းထားသည်ဟု ထိုင်းနိုင်ငံမှ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည် ။ ၂၀၁၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ဝီဂါ ၄၇၅ ဦးသည် ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ ထိုအချိန်မှစ၍ တခြား ဝီဂါများသည်လည်း ထိုင်းနိုင်ငံအတွင်းသို့ ဆက်တိုက်ဝင်ရောက် လာခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly