ယူကရိန်းသမ္မတက လုံခြုံရေးအေဂျင်စီအကြီးအကဲနှင့် အစိုးရရှေ့နေချုပ်ကို ရာထူးမှ ထုတ်ပယ်

ယူကရိန်းသမ္မတက လုံခြုံရေးအေဂျင်စီအကြီးအကဲနှင့် အစိုးရရှေ့နေချုပ်ကို ရာထူးမှ ထုတ်ပယ်
Photo - AFP

ဇူလိုင် ၁၈

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးသည် နိုင်ငံ၏ ပြည်တွင်းလုံခြုံရေးအေဂျင်စီ (SBU) ၏ အကြီးအကဲနှင့် အစိုးရရှေ့နေချုပ်တို့ကို ရာထူးမှ ထုတ်ပယ်လိုက်သည်။ နိုင်ငံတော်သစ္စာဖောက်မှု အမှုကိစ္စ ရာချီနှင့်အတူ ရုရှနှင့် ပူးပေါင်းဆောင်ရွက်မှုဖြစ်စဉ်များ ရှိနေခဲ့သဖြင့် ယင်းကဲ့သို့ ရာထူးထုတ်ပယ်မှုများကို လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ဇယ်လန်စကီးက ပြောသည်။

တစ်ချိန်တည်းမှာပင် မော်စကိုသည် ယင်း၏ စစ်ဘက် စစ်ဆင်ရေးများကို အရှိန်မြှင့်သွားမည့် ပုံပေါ်နေသည်။

SBU လုံခြုံရေး အေဂျင်စီနှင့် အစိုးရရှေ့နေရုံးတို့မှ အရာရှိ ၆၀ ဦး ကျော်သည် ရုရှ သိမ်းပိုက်ထိန်းချုပ်ထားသော နယ်မြေများတွင် ယူကရိန်းကို ဆန့်ကျင်လျက် အလုပ်လုပ်နေခဲ့ကြကြောင်း၊ ယင်းအတွက်ကြောင့် နိုင်ငံတော်သစ္စာဖောက်မှု၊ ရုရှနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ဥပဒေစိုးမိုးရေး အရာရှိများကို အမှုပေါင်း ၆၅၁ ခု ဖွင့်လှစ်ထားကြောင်း ဇယ်လန်စကီးက ပြောသည်။

ယူကရိန်း လုံခြုံရေးအေဂျင်စီ အကြီးအကဲ အိုင်ဗန် ဘာကာနော့ဗ် နှင့် အစိုးရရှေ့နေချုပ် အိုင်ရီနာ ဗီနီဒစ်တိုဗာ တို့ကို တနင်္ဂနွေနေ့က ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းနှင့် အင်မတန် များပြားသော နိုင်ငံတော်သစ္စာဖောက်မှု အမှုကိစ္စများက ရုရှ ထိုးဖောက်စိမ့်ဝင်မှု၏ ကြီးမားသော စိန်ခေါ်မှုကို လှစ်ဟပြသနေသည်။

လက်ရှိအချိန်တွင် ကိယက်ဗ်သည် မော်စကို ကို ခုခံတိုက်ခိုက်လျက် ရှိပြီး ယင်းက ရှင်သန်ရပ်တည်နိုင်ရေးအတွက် တိုက်ခိုက်ရသည့် တိုက်ပွဲတစ်ခု ဖြစ်ကြောင်း ကိယက်ဗ်က ပြောသည်။

ရာထူးမှ ထုတ်ပယ်ခံရသည့် ယူကရိန်း အစိုးရရှေ့နေချုပ် အိုင်ရီနာ ဗီနီဒစ်တိုဗာသည် ရုရှ ကျူးလွန်သော စစ်ရာဇဝတ်မှုများကို တရားစွဲဆိုရေး အားထုတ်မှုများကို ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။

“ယူကရိန်းနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးရဲ့ အခြေခံ အုတ်မြစ်တွေကို ဆန့်ကျင်တဲ့ ခုလိုမျိုး ဥပဒေချိုးဖောက်မှုတွေကြောင့် သက်ဆိုင်ရာ ခေါင်းဆောင်တွေအတွက် အင်မတန် ကြီးလေးတဲ့ မေးခွန်းတွေကို ထွက်ပေါ်စေပါတယ်” ဟု ဇယ်လန်စကီးက ပြောသည်။ “ဒီ မေးခွန်းတွေရဲ့ တစ်ခုချင်းစီတိုင်းဟာ ကိုက်ညီတဲ့ အဖြေတစ်ခု ရရှိပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required