ထိုင်ဝမ်သို့ စစ်ရေးအထောက်အပံ့များ ရောင်းချရန် အမေရိကန် အတည်ပြု

ထိုင်ဝမ်သို့ စစ်ရေးအထောက်အပံ့များ ရောင်းချရန် အမေရိကန် အတည်ပြု

အမေရိကန်သည် အမေရိကန်ဒေါ်လာ ၁၀၈ သန်းခန့် တန်ဖိုးရှိ စစ်ရေးနည်းပညာဆိုင်ရာ အထောက်အပံ့များကို ထိုင်ဝမ်သို့ ရောင်းချရန် အတည်ပြုလိုက်ပြီဟု ပင်တဂွန်စစ်ဌာနချုပ်က ဇူလိုင် ၁၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

ထိုင်ဝမ်၏ လက်နက်ကိုင်တပ်ဖွဲ့များ ခေတ်မီစေရန်နှင့် ယုံကြည်ရလောက်သော ခံစစ်စွမ်းရည်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် ထိုင်ဝမ်၏ ဆက်လက်ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးပေးခြင်းဖြင့် ယခု ရောင်းချမည့်အစီအစဉ်သည် အမေရိကန် အမျိုးသားရေး၊ စီးပွားရေးနှင့် လုံခြုံရေးအကျိုးစီးပွားတို့ကို ပံ့ပိုးမှုဖြစ်စေကြောင်း အမေရိကန်ကာကွယ်ရေးဌာနက ပြောသည်။

နိုင်ငံခြားရေးဌာနသည် အမေရိကန်ရှိ တိုင်ပေစီးပွားရေးနှင့်ယဉ်ကျေးမှုကိုယ်စားလှယ်ရုံး (TECRO) သို့ နည်းပညာအကူအညီအထောက်အပံ့ဆိုင်ရာ ရေရှည်သဘောတူညီချက်နှင့် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၀၈ သန်းတန်ဖိုးရှိ ဆက်စပ်ပစ္စည်းရောင်းချမှုအား အတည်ပြုဆုံးဖြတ်ခဲ့သည်။

ကာကွယ်ရေးလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီသည် ယနေ့တွင် ဖြစ်နိုင်ခြေရှိသော ရောင်းချမှုနှင့် ပတ်သက်၍ ကွန်ဂရက်သို့ အကြောင်းကြားရန် လိုအပ်သော ထောက်ခံချက်များကို ပေးပို့ခဲ့ကြောင်းလည်း ၎င်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပင်တဂွန်၏အဆိုအရ အဆိုပါရောင်းချမှုသည် လက်ခံသူ၏လုံခြုံရေးကို မြှင့်တင်ရန်နှင့် နိုင်ငံရေးတည်ငြိမ်မှု၊ စစ်ရေးဟန်ချက်ညီမှု၊ စီးပွားရေးနှင့်  ဒေသတွင်းတိုးတက်မှုတို့ကို ထိန်းသိမ်းရာတွင် အထောက်အကူ ဖြစ်စေ မည်ဖြစ်သည်။

''ယခုရောင်းချမည့်အစီအစဉ်သည် ဝယ်ယူသူ၏ မော်တော်ယာဉ်များ၊ လက်နက်ငယ်များ၊ တိုက်ခိုက်ရေး လက်နက် စနစ်များနှင့် ထောက်ပံ့ပို့ဆောင်ရေးပစ္စည်းများကို တည်တံ့ခိုင်မြဲစေရန် အထောက်အကူဖြစ်စေသလို လက်ရှိနှင့် အနာဂတ်ခြိမ်းခြောက်မှုများကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ ထို့ပြင် ဝယ်ယူသူ၏ စစ်ရေးစွမ်းရည် ရည်မှန်းချက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်ကာ အမေရိကန်နှင့် အခြားမဟာမိတ်များနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးမည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဆယ်စုနှစ်များစွာ သီးခြားအုပ်ချုပ်ခဲ့သော်လည်း ထိုင်ဝမ်ကို ၎င်း၏ပြည်နယ်တစ်ခုအဖြစ် မှတ်ယူထားသည့် တရုတ်သည် အစောပိုင်းက အမေရိကန်နှင့် ထိုင်ဝမ်အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို အပြင်းအထန် ကန့်ကွက်ခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် တည်ငြိမ်ရေးကို အထောက်အပံ့ဖြစ်စေကြောင်းနှင့် အဆိုပါစည်းမျဉ်းကို စိန်ခေါ်ခြင်း သို့မဟုတ် အနှောက်အယှက် လုပ်ပါက ဒေသတွင်း မုန်တိုင်းထန်သွားလိမ့်မည်ဟု သတိပေးခဲ့ပြီးနောက် ရက်အနည်းငယ်အကြာ၌ အမေရိကန်နှင့် ထိုင်ဝမ်တို့အကြား ကာကွယ်ရေးသဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly