အိန္ဒိယက ဒလိုင်းလားမားနှင့် ဆက်ဆံရေး၊ ထိုင်ဝမ်နှင့် အစပျိုး ပတ်သက်လာခြင်းတို့က တရုတ်အတွက် စိတ်အနှောက်အယှက်ဖြစ်လာ

အိန္ဒိယက ဒလိုင်းလားမားနှင့် ဆက်ဆံရေး၊ ထိုင်ဝမ်နှင့် အစပျိုး ပတ်သက်လာခြင်းတို့က တရုတ်အတွက် စိတ်အနှောက်အယှက်ဖြစ်လာ

နယ်စပ်ထိန်းချုပ်မျည်းတစ်လျှောက် တရုတ်က ရန်လိုသည့် အပြုအမူများ လုပ်ဆောင်လာခြင်းသည် အိန္ဒိယအစိုးရက ဒလိုင်းလားမားနှင့် မကြာသေးခင်က ပြုလုပ်ခဲ့သည့် ထိတွေ့ဆက်ဆံသည့် ပုံစံများ၊ ထိုင်ဝမ်နှင့် အစပျိုးပတ်သက်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း ယင်းကိစ္စကို သိရှိသူများက ပြောကြားသည်။

ဒလိုင်းလားမား၏ မွေးနေ့အခမ်းအနားတွင် အိန္ဒိယဝန်ကြီးများ ပါဝင်ခဲ့ခြင်းနှင့် ဒလိုင်းလားမားက ဇူလိုင် ၁၅ ရက်တွင် လယ်ဟာမြို့သို့ အလည်အပတ်သွားရောက်ခဲ့ခြင်းတို့အပေါ် တရုတ်အစိုးရက မကျေမနပ်ဖြစ်ခဲ့သည်။ ဒလိုင်းလားမားအနေဖြင့် လယ်ဟာမြို့သို့ ၄နှစ်အတွင်း ပထမဆုံးအကြိမ် သွားရောက်ခဲ့ခြင်းဖြစ်သည်။

လွှတ်တော်အမတ်ဟောင်းဖြစ်သူတွတ်ပတင်တီစီဝမ်နှင့် လာဒက်ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌ သူပက်စတန်ချူဝမ်ကဲ့သို့ ထင်ရှားသည့် ဗုဒ္ဓဘာသာ အဖွဲ့အစည်းမှ အကြီးအကဲများက ဒလိုင်းလားမားအား လယ်ဟာသို့ အလည်အပတ်လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။

ဒလိုင်းလားမား၏ မွေးနေ့ကို မကျင်းပရန် တရုတ်စစ်တပ်က ပြည်သူများကို ယမန်နှစ်က သတိပေးဆိုင်းဘုတ်များထုတ်ပြန်ကာ တားမြစ်ခဲ့သည်။ တရုတ်၏ လုပ်ရပ်သည် အိန္ဒိယနှင့် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများအကြား အချက် ၅ ချက်ပါ သဘောတူညီချက်ကို စိတ်မဝင်စားခြင်းကို ဖော်ပြသည်ဟု အဆိုပါကိစ္စကို သိရှိသူများက ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီး ၂ ဦး ဘာလီကျွန်း၌ ဇူလိုင် ၇ ရက်က တွေ့ဆုံခဲ့ကြရာတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာက နယ်စပ်ထိန်းချုပ်မျဉ်း၌ ဖြစ်ပွားနေသည့် ပြဿနာအမြန်ဆုံး ပြေလည်အောင်ဖြေရှင်းရန် တောင်းဆိုခဲ့သည်။

အိန္ဒိယနှင့် တရုတ်နို်ငငံခြားရေးဝန်ကြီးများသည် ဥဇဘက်ကစ္စတန်၌ ဇူလိုင် ၂၈-၂၉ ရက်များတွင် ကျင်းပမည့် SCO နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်။ အိန္ဒိယအစိုးရသည် ၂၀၁၄ ခုနှစ်မှ စတင်၍ ဒလိုင်းလားမား၊ အဝေးရောက် တိဗက်အစိုးရတို့နှင့် ပိုမိုနီးကပ်စွာ ဆက်ဆံလာခဲ့ရာ အိန္ဒိယ၏ တိဗက်ဆိုင်ရာ မူဝါဒအရွေ့အပြောင်းအဖြစ် တရုတ်က မှတ်ယူထားသည်။

အိန္ဒိယအစိုးရက ထိုင်ဝမ်နှင့် နီးကပ်စွာ ဆက်ဆံလာခြင်းသည် ‘တရုတ်တစ်နိုင်ငံတည်း’ မူဝါဒမှ သိမ်မွေ့စွာပြောင်းလဲနေခြင်းဖြစ်ကြောင်း တရုတ်က သတ်မှတ်နေမည်ဖြစ်သည်။ တရုတ်အစိုးရက ခြိမ်းခြောက်မှုများ ရှိနေသော်လည်း အိန္ဒိယက ထိုင်ဝမ်ကုမ္ပဏီများ၊ ခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံ လျက်ရှိသည်။

ကမ္ဘာ့နိုင်ငံများက ရုရှား-ယူကရိန်းပြဿနာအား အာရုံစိုက်နေချိန်တွင် အိန္ဒိယအား ဖိအားပေးရန် ကောင်းမွန်သည့်ကာလဟုလည်း တရုတ်အစိုးရက မှတ်ယူနေနိုင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required