ပါကစ္စတန်အစိုးရ၏ ကြွေးမြီ ၁၅ ရာခိုင်နှုန်းကျော် မြင့်တက်

ပါကစ္စတန်အစိုးရ၏ ကြွေးမြီ ၁၅ ရာခိုင်နှုန်းကျော် မြင့်တက်
Photo: EPA

စီးပွားရေးအခြေအနေ ပိုမိုဆိုးဝါးလာသည့် ပါကစ္စတန်နိုင်ငံတွင် အစိုးရ၏ ကြွေးမြီစုစုပေါင်းသည် ၂၀၂၂ ဘဏ္ဍာနှစ်၏ ပထမ ၁၁ လတာအတွင်း ၁၅ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

၂၀၂၁ ခုနှစ် ဇွန်လက ပါကစ္စတန် ဖက်ဒရယ်အစိုးရ၏ စုစုပေါင်း ကြွေးမြီပမာဏက ပါကစ္စတန်ရူပီး ၃၈ ဒသမ ၇၀၄ ထရီလီယံ ဖြစ်ပြီး ယင်းက ပြီးခဲ့သည့် မေလတွင် ရူပီး ၄၄ ဒသမ ၆၃၈ ထရီလီယံအထိ ခုန်တက်ခဲ့ကြောင်း ပါကစ္စတန် ဗဟိုဘဏ် (SBP) ကို ကိုးကားပြီး Dawn သတင်းစာက ဖော်ပြသည်။

ပါကစ္စတန်အစိုးရ၏ ပြည်တွင်း ကြွေးမြီနှင့် ပေးဆပ်ရမည့် ငွေကြေးများ၏ ပမာဏက ၂၀၂၁ ခုနှစ် ဇွန်လက ရူပီး ၂၆ ဒသမ ၉၆၈ ထရီလီယံမှ ပြီးခဲ့သည့် မေလတွင် ရူပီး ၂၉ ဒသမ ၈၅၀ ထရီလီယံအထိ မြင့်တက်ခဲ့ပြီး ယင်းသည် ၂၀၂၂ ဘဏ္ဍာနှစ်၏ ပထမ ၁၁ လတာအတွင်း ရူပီး ၂ ဒသမ ၈၉၂ ထရီလီယံ သို့မဟုတ် ၁၀ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခြင်း ဖြစ်သည်။

အခွန်ဝင်ငွေ အများစုကို ကြွေးမြီများ ပြန်ဆပ်ရာတွင် အသုံးပြုသည့်အတွက် ယင်းကဲ့သို့ ပြည်တွင်း ကြွေးမြီ များက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးလေးသည့် ပြဿနာတစ်ရပ်ကို ဖြစ်စေကြောင်း ပါကစ္စတန် မီဒီယာများက ဖော်ပြသည်။

ပြည်တွင်း ကြွေးမြီများ၏ အရွယ်အစားသည် နှစ်စဉ် မြင့်တက်နေခဲ့ပြီး ယင်းက တစ်နှစ်တာ ဖွံ့ဖြိုးရေးဘတ်ဂျက် အရွယ်အစားအပေါ် တိုက်ရိုက် ဖြတ်တောက်သည်။ ပါကစ္စတန်၏ နောက်ပိုင်းအစိုးရများသည် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များအတွက် မြင့်မားသည့် အသုံးစရိတ် ပမာဏတစ်ရပ် ခွဲဝေသတ်မှတ်သော်လည်း ပြည်တွင်း ကြွေးမြီ များ မြင့်တက်မှုကြောင့် ဘဏ္ဍာနှစ်ကုန်ပိုင်းတွင် အရွယ်အစားကို လျှော့ချလေ့ ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly