တရုတ်ကုမ္ပဏီ ၅ ခုက ရုရှားစစ်တပ်ကို အဓိကပံ့ပိုးပေးနေဟု အမေရိကန်ပြောကြား

တရုတ်ကုမ္ပဏီ ၅ ခုက ရုရှားစစ်တပ်ကို အဓိကပံ့ပိုးပေးနေဟု အမေရိကန်ပြောကြား

အမေရိကန်နှင့် မိတ်ဖက်များသည် ယူကရိန်းကို ကျူးကျော်သည့် ရုရှားလုပ်ရပ်များကြောင့် အထောက်အပံ့ပြုသူများကို တားမြစ်မှုများလုပ်ဆောင်နေချိန်တွင် တရုတ်ကုမ္ပဏီ ၅ ခုသည် ရုရှားစစ်တပ်ကို ပံ့ပိုးပေးနေဆဲဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေးဌာနကပြောသည်။

တရုတ်ရှိ ကုမ္ပဏီနှင့်သုတေသနအဖွဲ့အစည်းများသည် ယူကရိန်းကျူးကျော်ခံရပြီးနောက် ရုရှားကို ထောက်ပံ့နေသည်ဟု အမေရိကန်က စွပ်စွဲပြောဆိုလိုက်ခြင်းက တရုတ်ကုမ္ပဏီများက ရုရှားကို ကူညီနေသည်ဟူသော ကနဦးလက္ခဏာများအနက် တစ်ခုဖြစ်ကြောင်း Washington Post ကဖော်ပြသည်။

အမေရိကန်ကုန်သွယ်ရေးဌာနသည် ပြစ်ဒဏ်အဖြစ် တရုတ်ကုမ္ပဏီ ၅ ခုကို ကုန်သွယ်ရေးအမည်ပျက်စာရင်း သွင်းခဲ့ကြောင်း Washington Post ကဆိုသည်။ “ရုရှားကိုထောက်ပံ့ရန်ကြိုးစားပါက အမေရိကန်က အားလုံးကို အဆက်ဖြတ်မည်ဖြစ်ကြောင်း ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီများနှင့် တစ်ဦးချင်းစီအား ပြင်းထန်သော သတင်းစကားပါးလိုက်ခြင်းဖြစ်ကြောင်း စက်မှုနှင့်လုံခြုံရေးဆိုင်ရာ ကုန်သွယ်ရေး ဒုဝန်ကြီး အယ်လန်အက်စတီဗက်က ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ဖေဖော်ဝါရီလကတည်းက အမေရိကန်နှင့် ဥရောပသည် ရုရှားနှင့်၎င်း၏စစ်ပွဲနှင့် ဝေးဝေးနေရန် တရုတ်ကို ဖိအားပေးလျက်ရှိသည်။

တရုတ်က ရုရှားနှင့် တစ်သားတည်းဖြစ်ကြောင်းနှင့် ထောက်ခံမြဲဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ပြောကြားခဲ့သည်။ တရုတ်သည် ရုရှားစွမ်းအင်တင်သွင်းမှုမှာလည်း သိသိသာသာမြင့်တက်လာခဲ့ပြီး ရေနံစိမ်းဝယ်ယူမှုသည် အစောပိုင်းနှစ်ကထက် မေလတွင် ၅၅ ရာခိုင်နှုန်းတိုးလာခဲ့သည်ဟု Washington Post ကဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly