တရုတ်အစိုးရက ခရစ်ယာန်ဂိုဏ်းအုပ်များ ခန့်အပ်ရေးနှင့် ပတ်သက်သော သဘောတူညီချက်ကို မကြာမီ သက်တမ်းတိုးရန် ပုပ်ရဟန်းမင်းကြီးက မျှော်လင့်နေ

တရုတ်အစိုးရက ခရစ်ယာန်ဂိုဏ်းအုပ်များ ခန့်အပ်ရေးနှင့် ပတ်သက်သော သဘောတူညီချက်ကို မကြာမီ သက်တမ်းတိုးရန် ပုပ်ရဟန်းမင်းကြီးက မျှော်လင့်နေ
Photo: EPA

ရိုမန်ကက်သလစ်ဂိုဏ်းအုပ်များ ခန့်အပ်ခြင်းနှင့် ပတ်သက်ပြီး တရုတ်နှင့် လျှို့ဝှက်စွာ ပြုလုပ်ထားသည့် ရွေးချယ်မှုဆိုင်ရာသဘောတူညီချက်သည် ပြည့်စုံကောင်းမွန်နေပြီမဟုတ်သောကြောင့် ဗာတီကန်အနေဖြင့် ရေရှည်ကို ကြည့်ကာ အဆိုပါ သဘောတူညီချက်ကို အောက်တိုဘာလတွင် ပြန်လည်ပြင်ဆင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားသည်။

ဇူလိုင် ၂ ရက်က ဗာတီကန်အိမ်တော်၌ ရိုက်တာနှင့် သီးသန့်လူတွေ့မေးမြန်းမှုတစ်ခုတွင် အသက် ၈၅ နှစ်ရှိ ပုပ်ရဟန်းမင်းကြီးက ဗာတီကန်နှင့် နိုင်ငံတကာကိစ္စရပ်များအား ပြောဆိုရာတွင် တရုတ်နှင့် ဆက်ဆံရေးလည်း ပါဝင်ခဲ့သည်။

၂၀၁၈ခုနှစ်တွင် ပထမဆုံး လက်မှတ်ရေးထိုးခဲ့ပြီး ၂ နှစ်တစ်ကြိမ်သက်တမ်းတိုးရမည့် အဆိုပါ သဘော တူညီ ချက်သည် ပုပ်ရဟန်းမင်းအား သစ္စာခံသော မြေအောက်အုပ်စုများနှင့် အစိုးရကျောထောက်နောက်ခံပြု ထား သော တရားဝင်ဘုရားကျောင်းတစ်ခုကြား တရုတ်နိုင်ငံတစ်ဝန်းတွင် ကာလရှည်ကြာစွာ သဘောထားကွဲလွဲမှုကို ဖြေလျှော့ရန် ကြိုးပမ်းချက်ဖြစ်သည်။

ယခုအခါ နှစ်ဖက်စလုံးက ပုပ်ရဟန်းမင်းကြီးအား ကက်သလစ်ဘုရားကျောင်း၏ အထွဋ်အမြတ် ခေါင်းဆောင် အဖြစ် အသိအမှတ်ပြုထားကြသည်။

အဆိုပါသဘောတူညီချက်သည် ယာယီဖြစ်နေသေးသော်လည်း ဘုန်းတော်ကြီးများခန့်အပ်မှုနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုအပေါ် အဓိကထားခဲ့ပြီး နောက်ဆုံးဆုံးဖြတ်နိုင်သူမှာ ပုပ်ရဟန်းမင်းကြီးပင်ဖြစ်နေပြီး ယင်း၏အသေးစိတ်အချက်အလက်များကို လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိသေးပေ။

"သဘောတူညီချက်က အဆင်ပြေနေပါတယ်။ အောက်တိုဘာလမှာ ပြန်လည်ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဖရန်စစ်က ပြောကြားခဲ့သည်။

ဖရန်စစ်က သဘောတူညီချက်သည် ရရှိနိုင်သော ကဏ္ဍအနည်းငယ်မှစတင်ပြီး ပိုမိုကောင်းမွန်အောင် ကြိုးပမ်း ခြင်းအဖြစ် ကာကွယ်ပြောဆိုခဲ့သည်။

နှိပ်စက်ညှဉ်းပန်းမှုများရှိနေပြီး စစ်အေးကာလတွင် တခါတရံ စိတ်မသက်မသာ ဖြစ်ခဲ့ရသောအခြေအနေများ ရှိခဲ့သော်လည်း ဘုရားကျောင်းကို ဆက်လက်တည်ရှိနေစေရန် ဗာတီကန်က အရှေ့ဥရောပ ကွန်မြူနစ် နိုင်ငံများနှင့် ဆက်ဆံခဲ့သည့် ၁၉၆၀နှင့် ၁၉၇၀ ပြည့်နှစ်များအတွင်း ပုပ်ရဟန်းမင်းကြီး ဂျွန် ၁၂နှင့် ပေါ ၆ တို့ကအကောင်အထည်ဖော်ခဲ့သည့် အငယ်စားခြေလှမ်းမူဝါဒအကြောင်း ပြောပြပြီး ၎င်း၏ အတိုက်အခံများကို ယင်းမူဝါဒကို ဝေဖန်ခဲ့သူများနှင့် နှိုင်းယှဉ်ခဲ့သည်။

"သံတမန်ရေးက ဒီလိုပါပဲ။ ပိတ်ဆို့နေတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ လွတ်မြောက်ဖို့ အကောင်းဆုံး မဟုတ်တောင် ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းကို ရှာဖွေဖို့ပါ" ဟု ဖရန်စစ်က ပြောကြားခဲ့သည်။

ဗာတီကန်၏ ကွန်မြူနစ်အရှေ့အုပ်စုအပေါ် ထားရှိသော မူဝါဒကို အဓိက ပုံစံထုတ်ခဲ့သူမှာ ၁၉၆၁ မှ ၁၉၉၀ ပြည့်နှစ် အတွင်း ပုပ်ရဟန်းမင်း ၃ ဦး၏ လက်အောက်တွင် အမှုထမ်းခဲ့သော သံတမန် ကာဆာရိုလီဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required