ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အကဲဖြတ်ချက်

ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အကဲဖြတ်ချက်

တရုတ်နိုင်ငံ၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ကို တန်ပြန်ရန် လှုပ်ရှားမှုအဖြစ် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ဂျီ-၇ ခေါင်းဆောင်များနှင့်အတူ ရည်မှန်းချက်ကြီးသော အစီအစဉ်ဖြစ်သည့် ‘ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ပူးပေါင်းဆောင်ရွက်မှု (PGII)’ ကို ဇွန် ၂၆ ရက်တွင် မိတ်ဆက်ခဲ့သည်။ PGII သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပွင့်လင်းမြင်သာပြီး အပြောင်းအလဲဖြစ်မည့် အခြေခံ အဆောက်အအုံစီမံကိန်းများကို အကောင်အထည်ဖော်ရန် ၂၀၂၇ ခုနှစ်မတိုင်မီ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကို မတည်ရန် စီစဉ်ထားသည်။ ၎င်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ် ဖြေရှင်းရန်၊ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးကို မြှင့်တင်ရန်၊ ကျားမတန်းတူညီမျှမှုရရှိစေရန်နှင့် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံ သို့မဟုတ် အရေးပါသော အခြေခံအဆောက်အအုံများ တည်ဆောက်ရန် ရည်ရွယ်သည်။

အစီအစဉ်ကို စတင်ရာ၌ PGII သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်မှု အတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစပျိုးမှုသက်သက်သာဖြစ်ပြီး အကူအညီ သို့မဟုတ် ပရဟိတအစီအစဉ် မဟုတ်ကြောင်း ဘိုင်ဒင်က ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ပဏာမခြေလှမ်းသည် ပါဝင်သူအားလုံးအတွက် အချိုးကျသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးရန် ရည်ရွယ်ပြီး ဒီမိုကရေစီ နိုင်ငံများအကြား မိတ်ဖက် ဆက်ဆံရေး တိုးမြှင့် ရန် ရည်ရွယ်သည်။ ၎င်းကို၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ဂျီ-၇ ညီလာခံတွင် မိတ်ဆက်ခဲ့သည့် B3W ဟုခေါ်သော ‘ပိုမို ကောင်းမွန်သောကမ္ဘာပြန်လည်တည်ရေးအစီအစဉ်’ ၏ နောက်ဆက်တွဲအဖြစ် ယူဆကြသည်။

အမေရိကန်သည် ထောက်ပံ့ငွေများ၊ ဖက်ဒရယ်ဘဏ္ဍာရေးနှင့်ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင ခြင်းဖြင့် လာမည့် ၅ နှစ်အတွင်း PGII အတွက် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံ စုဆောင်းကာ ကမ္ဘာတစ်ဝန်းရှိ လူများ၏နေထိုင်မှုဘဝတွင် ပြောင်းလဲမှုရှိစေမည့် အရည်အသွေးရှိသော ရေရှည်တည်တံ့သော အခြေခံအဆောက် အအုံကို ပေးစွမ်းမည်ဟု အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းသည် ထောက်ပံ့ရေး ကွင်းဆက်များကို အားကောင်းစေပြီး အမေရိကန် အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးမည်ဖြစ်သည်။

PGII အတွက် အီးယူမှ ယူရို ၃၀၀ ဘီလီယံ (ဒေါ်လာ ၃၁၇ ဘီလီယံ) ထည့်ဝင်မည်ဖြစ်သည်။

ဂျီ-၇ လက်အောက်ရှိ ပဏာမခြေလှမ်းသစ်၏ ရည်ရွယ်ချက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရန်ပုံငွေကွာဟချက်များကို လျော့ပါးသက်သာစေရန်သာမက အနာဂတ်ဖွံ့ဖြိုး တိုးတက်မှုအတွက် ပိုမိုယုံကြည်စိတ်ချရသော တာရှည်ခံပြီး ပွင့်လင်းသော ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို ရရှိရန်ဖြစ်သည်။ PGII ၏ အခြေခံရည်မှန်းချက်များထဲမှတစ်ခုသည် ဖွံ့ဖြိုးဆဲနိုင်ငံများအား တရုတ်နိုင်ငံ၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ထက် ပိုမိုကောင်းမွန်သော အခြေခံအဆောက်အအုံ ထောက်ပံ့မှုအရင်းအမြစ်ကို ပေးစွမ်းရန်ဖြစ်သည်။ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းသည် ကော်ပိုရိတ်ကျင့်ဝတ် ညံ့ဖျင်းမှုနှင့် ကြွေးမြီထောင်ချောက်တို့ကြောင့် ဝေဖန်မှုများစွာ ရင်ဆိုင်နေရသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကပ်ရောဂါကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာများကို ကူညီထိန်းညှိရန် မရှိမဖြစ်လိုအပ်သော အခြေခံအဆောက်အအုံများ ချို့တဲ့လျက်ရှိသည်။

အခြေခံအဆောက်အအုံအတွက် ရန်ပုံငွေအလုံအလောက်မရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ လိုအပ်နေပြီဖြစ်ကြောင်း နိုင်ငံတကာက ထောက်ခံခဲ့သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများသည် ရေရှည်အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များကို ဖြည့်ဆည်းရန် ရန်ပုံငွေလိုအပ်ချက် ဒေါ်လာ ၄၀ ထရီလီယံကျော်ရှိသည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ်ကဲ့သို့သော အေဂျင်စီအမျိုးမျိုးက ခန့်မှန်းထားသည်။

ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းသည် ဆိပ်ကမ်းများ၊ လမ်းများနှင့် တံတားများကဲ့သို့သော အခြေခံ အဆောက်အအုံများ တည်ဆောက်ရန် ထွန်းသစ်စနိုင်ငံများအတွက် ဘဏ္ဍာငွေထောက်ပံ့ပေးသည်။

ဒေါ်လာထရီလီယံပေါင်းများစွာ အကုန်အကျခံသည့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများစွာကို အကြွေးဝန်ပိစေသဖြင့် မကြာခဏ ဝေဖန်ခံနေရသည်။ ၎င်းသည် ကုန်သွယ်ရေးချတ်ဆက်မှုများကိုလည်း ဖန်တီး ထားသလို အကြွေးပြန်ဆပ်ရန် ပျက်ကွက်ပါက အဓိက ပိုင်ဆိုင်မှုများကို ပေးအပ်ရန် သီရိလင်္ကာကဲ့သို့ အကြွေးတင်နေသော နိုင်ငံများကို တွန်းအားပေးသောကြောင့် ခေါင်းပုံဖြတ်သည့်ချေးငွေအဖြစ်လည်း ဝေဖန် ခံနေရသည်။

ဂျီ-၇ ခေါင်းဆောင်များသည် PGII စီမံကိန်းများ၏ အခြေခံအုတ်မြစ်အဖြစ် 'ပွင့်လင်းမြင်သာမှု' အပေါ် အလေးထားပြောဆိုနေချိန်တွင် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းသည် အကြီးစားချေးငွေအတွက် လျှို့ဝှက်တင်ဒါများ လက်မှတ်ရေးထိုးခြင်းနှင့် နိုင်ငံများကို အကြွေးနစ်စေခြင်းတို့ကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ရလျက်ရှိသည်။ ဥပမာအားဖြင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း၏ အခရာဖြစ်သည့် ဒေါ်လာ ၆၂ ဘီလီယံတန်ဖိုးရှိ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံအပြီးတွင် ပါကစ္စတန်သည် နိုင်ငံခြားကြွေးမြီ အများစုကို တရုတ်ထံပေးရမည်ဖြစ်သည်။

ခါးပတ်လမ်းရပ်ဝန်းနှင့် နှိုင်းယှဉ်ပါက ဂျီ-၇ သည် PGII ကို ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများအား ၎င်းတို့၏ အခြေခံအဆောက်အအုံလိုအပ်ချက်များ ဖြည့်ဆည်းပေးရေးအတွက် တန်ဖိုးအခြေပြု အစီအစဉ်အဖြစ် အလေးထားဖော်ပြထားသည်။ PGII သည် ရာသီဥတုဆိုင်ရာလုပ်ဆောင်ချက်များနှင့် သန့်ရှင်းသောစွမ်းအင်ကို အလေးထားစဉ်မှာ တရုတ်နိုင်ငံက ဆိုလာစွမ်းအင်၊ ရေအားနှင့် လေအားလျှပ်စစ်စီမံကိန်းများအပြင် ခါးပတ်လမ်းရပ်ဝန်းအောက်၌ ကျောက်မီးသွေးသုံး စက်ရုံကြီးများကိုလည်း တည်ဆောက်လျက်ရှိသည်။

အစိုးရကဏ္ဍတစ်ခုတည်းဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘဏ္ဍာငွေလိုအပ်ချက်ဆိုင်ရာ ကြီးမားသောကွာဟချက်ကို ဖြေရှင်းနိုင်မည်မဟုတ်ပေ။ အာဖရိက၊ အာရှနှင့် လက်တင်အမေရိကတို့တွင် တရုတ်နိုင်ငံ၏ ကြီးထွားလာနေသော သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် လိုအပ်သောစီမံကိန်းများ၌ အစိုးရရန်ပုံငွေကိုဖြည့်စွက်ရန် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို ထိန်းချုပ်အသုံးချခြင်းသည် မရှိမဖြစ် လိုအပ်သည်။

PGII သည် ပင်စင်ရန်ပုံငွေများ၊ ပုဂ္ဂလိက အစုရှယ်ယာရန်ပုံငွေများနှင့် အာမခံရန်ပုံငွေတို့မှ ပုဂ္ဂလိက အရင်းအနှီးများနှင့် အစိုးရရန်ပုံငွေကို ပေါင်းစပ်မည်ဖြစ်သည်။ နောက်ထပ်အရင်းအနှီးကို အခြားသော စိတ်တူကိုယ်တူ မိတ်ဖက်များ၊ နိုင်ငံစုံ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်များ၊ ဖွံ့ဖြိုးရေးဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့အစည်း များနှင့် အချုပ်အခြာအာဏာပိုင် ဓနရန်ပုံငွေများမှ စုဆောင်းမည်ဖြစ်သည်။ အဆိုပါ ကြိုးပမ်းမှုသည် တရုတ်ထောက်ပံ့သော အခြေခံအဆောက်အအုံဆိုင်ရာချေးငွေများထက် နှောင်ကြိုးလျော့သောလမ်းကို ဖော်ဆောင်ပေးပေလိမ့်မည်။

အရွယ်အစားနှင့်နယ်ပယ်နှစ်ခုလုံးအရ လုံလောက်သောတုံ့ပြန်မှုအဖြစ် PGII ကို ဖော်ပြကြသည်။ သို့သော် ထိုကဲ့သို့ရည်မှန်းချက်ကြီးမားသော ပန်းတိုင်များပါဝင်သည့် ကမ္ဘာလုံးဆိုင်ရာအစီအစဥ်တွင် စီမံကိန်းများကို ရွေးချယ်သတ်မှတ်ခြင်းမှစ၍ အရင်းအမြစ်များကို စုစည်းပြီး အကောင်အထည်ဖော်သည်အထိ ကိုယ်ပိုင်စိန်ခေါ် မှုများ ရှိနေမည်ဖြစ်သည်။

ယင်းပမာဏခြေလှမ်းသည် အမေရိကန်၊ အီးယူနဲ့ ဒီမိုကရေစီဖွံ့ဖြိုးသော နိုင်ငံများ အားလုံးအကြား ပူးပေါင်းဆောင်ရွက်ရေး မစ်ရှင်တစ်ခု ဖြစ်ခြင်းကြောင့် ၎င်း၏ ရည်မှန်းချက်များ ပြီးမြောက် အောင်မြင်လိမ့်မည်ဟု မျှော်လင့်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required