စွမ်းအင်အကျပ်အတည်းကြောင့် ပါကစ္စတန်၏ အထည်အလိပ်လုပ်ငန်း၌ ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိ ပို့ကုန်အော်ဒါများ ဆုံးရှုံး

စွမ်းအင်အကျပ်အတည်းကြောင့် ပါကစ္စတန်၏ အထည်အလိပ်လုပ်ငန်း၌ ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိ ပို့ကုန်အော်ဒါများ ဆုံးရှုံး

ပါကစ္စတန်နိုင်ငံတွင် ကြီးလေးသော စွမ်းအင်အကျပ်အတည်းတစ်ခုနှင့် ကြုံတွေ့နေရစဉ် နောက်ဆက်တွဲအားဖြင့် ဓာတ်ငွေ့လောင်စာ ထောက်ပံ့မှု ရပ်ဆိုင်းခြင်းကြောင့် အထည်အလိပ် လုပ်ငန်းစက်ရုံ ၃၀၀ ခန့်ကို ပိတ်ထား ရကြောင်း ပါကစ္စတန် အထည်အလိပ် စက်ရုံများ အသင်းအဖွဲ့ (APTMA) ၏ ဥက္ကဋ္ဌ အဗ္ဗဒူလ် ရာဟင်းမ် နက်စီအာ က ဇူလိုင် ၆ ရက်တွင် ပြောသည်။

ထို့ပြင်အထည်အလိပ်လုပ်ငန်းအတွက် ဓာတ်ငွေ့ ထောက်ပံ့မှုကို မူလအတိုင်း အမြန်ဆုံး ပြန်လည်ပေးအပ်ရေး ၎င်းက ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သော အစိုးရကို တိုက်တွန်းလိုက်သည်။

အဗ္ဗဒူလ် ရာဟင်းမ်သည် APTAM ၏ မြောက်ပိုင်းဇုန်ဆိုင်ရာ အကြီးအကဲ ဟာမစ် ဇာမန်း၊ အကြီးတန်း ဒုဥက္ကဋ္ဌ ကမ်ရန် အာရှက်ဒ်တို့နှင့် အတူ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားရာတွင် ၂၀၂၁-၂၂ ဘဏ္ဍာ နှစ်အတွင်း အထည်အလိပ် ပြည်ပတင်ပို့မှုပိုင်းတွင် ၂၆ ရာခိုင်နှုန်း မြင့်တက်ခြင်းက ဒေသတွင်း အများနှင့် ယှဉ်ပြိုင်ရသော အခွန်အကောက်နှုန်းထားတစ်ခုဖြင့် စွမ်းအင် ထောက်ပံ့မှုကြောင့် ဖြစ်မြောက်ထား ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။ ယခုအခါ အထည်အလိပ် တင်ပို့မှုပိုင်းတွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး ဆုံးရှုံးမှုကို ကြုံတွေ့ထားပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။

အထည်အလိပ်ကဏ္ဍတွင် ဆတိုး ဖွံ့ဖြိုးတိုးတက်မှုကြောင့် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် ရင်းနှီး မြှုပ်နှံမှုူနှင့် အထည်အလိပ် လုပ်ငန်းသစ် ၁၀၀ ထူထောင်မှုကို အားပေးထောက်ကူပေးထားခဲ့သည်။

ယင်းစက်ရုံသစ်များ လည်ပတ်လာပြီးနောက်တွင် ထပ်တိုး ပို့ကုန်တင်ပို့မှုများဖြင့် တစ်နှစ်လျှင် ဒေါ်လာ ၆ ဘီလီယံ အထိ ရရှိစေလိမ့်မည် ဖြစ်ကြောင်း APTMA ဒုဥက္ကဋ္ဌ ၏ ပြောကြားမှုကို Dawn သတင်းစာက ကိုးကားဖော်ပြသည်။

သို့သော် ယခုအခါ အထည်အလိပ်လုပ်ငန်းအတွက် ဓာတ်ငွေ့လောင်စာ ထောက်ပံ့မှုက တစ်ပတ်ကြာ ရပ်ဆိုင်းနေခဲ့ခြင်းကြောင့် တန်ဖိုးပေါင်းထည့်ထားသော လုပ်ငန်းတစ်ခုလုံးတွင် ထုတ်လုပ်မှုကို ရပ်တန့်သွားလုနီးပါး ဖြစ်စေခဲ့သလို စီးပွားရေးအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုကို ဖြစ်စေလျက် ရှိကြောင်း APTMA ၏ ဥက္ကဋ္ဌ နက်စီအာက ထောက်ပြသည်။

ယင်းအခြေအနေကြောင့် အထည်အလိပ် စက်ရုံများ အကြီးစား ပိတ်သိမ်းမှုကို ဦးတည်စေပြီး အဆုံးစွန်အားဖြင့် အလုပ်အကိုင် ဆုံးရှုံးမှုများနှင့် အလုပ်လက်မဲ့ဖြစ်မှုများကို ကြီးကြီးမားမား ဖြစ်စေခဲ့ကာ စီးပွားရေး ဝရုန်းသုန်းကားဖြစ်မှုကို ကူးစက်ပျံ့နှံ့စေသည်ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly