ယူကရိန်း အလယ်ပိုင်းမြို့၌ ရုရှ ဒုံးကျည် တိုက်ခိုက်မှုကြောင့် လူ ၂၃ ဦးထက်မနည်း သေဆုံး

ယူကရိန်း အလယ်ပိုင်းမြို့၌ ရုရှ ဒုံးကျည် တိုက်ခိုက်မှုကြောင့် လူ ၂၃ ဦးထက်မနည်း သေဆုံး
Photo - AFP

ဇူလိုင် ၁၅      

ယူကရိန်းနိုင်ငံ အလယ်ပိုင်းရှိ ဗန်နစ်စီးယားမြို့ကို ဇူလိုင် ၁၄ ရက်၌ ရုရှက ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေး သုံးဦး အပါအဝင် လူ ၂၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းက “အထင်းသား မြင်နိုင်သော ရုရှတို့၏ အကြမ်းဖက်မှု လုပ်ရပ်” တစ်ခု ဖြစ်သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောသည်။

ယူကရိန်းရှိ စစ်ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး ဆွေးနွေးရန် အီးယူ တာဝန်ရှိသူများ သည်ဟေ့ဂ်မြို့၌ အစည်းအဝေး ပြုလုပ်ခဲ့စဉ် အထက်ပါ တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ဗန်နစ်စီးယားမြို့သည် ရှေ့တန်း စစ်မျက်နှာများနှင့် ကျူးကျော်ဝင်ရောက်သော ရုရှ တပ်ဖွဲ့များနှင့် ကီလိုမီတာ ရာချီ ကွာဝေးသည့် နေရာတွင် တည်ရှိသော မြို့ဖြစ်သည်။

တာဝန်ရှိသူများ ဖြန့်ဝေခဲ့သည့် ရုပ်ပုံများထဲတွင် မီးလောင်ကျွမ်းခံထားရသည့် အပျက်အစီး အစအနများနှင့် ကားများ၏ အကြွင်းအကျန် အပျက်အစီးများအပြင် အနီးအနားတွင် တလိပ်လိပ်တက်နေသော မီးခိုးများနှင့်အတူ မီးလောင်ကျွမ်းခံထားရသည့် စီးပွားရေးလုပ်ငန်းအဆောက်အအုံတစ်ခုတို့ကို တွေ့ရသည်။

ဗန်နစ်စီးယားမြို့ တိုက်ခိုက်ခံရပြီးနောက် သေဆုံးသူစာရင်းကို ယူကရိန်းသမ္မတ ဇယ်လန်စကီးက ကြာသပတေးနေ့ ညနေပိုင်း နိုင်ငံကို ပြောကြားသည့် မိန့်ခွန်းတွင် အတည်ပြုသည်။ သေဆုံးသူဦးရေ ထပ်မံမြင့်တက်လာနိုင်ပြီး လူ ဒါဇင်နှင့်ချီ ပျောက်နေဆဲဖြစ်ကြောင်းနှင့် ဆေးရုံသို့ ရောက်သွားသည့် လူအများအပြားမှာ ဒဏ်ရာ ပြင်းထန်ပြီး အခြေအနေစိုးရိမ်ရကြောင်း ဇယ်လန်စကီးက ပြောသည်။

“ကမ္ဘာပေါ်မှာ တစ်ခြား ဘယ်နိုင်ငံကမှ ရုရှလို ခုလိုမျိုး အကြမ်းဖက်မှု ခြိမ်းခြောက်မှုကို ဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး” ဟု မရွှင်မပျဖြစ်နေသည့် ဇယ်လန်စကီးက ပြောသည်။ “ငြိမ်းချမ်းစွာ ရှိနေတဲ့ မြို့တွေနဲ့ သာမန် လူ့အသက်တွေကို နေ့စဉ်နဲ့အမျှ ခရု(စ်) ဒုံးတွေ၊ ရော့ကတ် အမြှောက်တွေနဲ့ ဖျက်ဆီးတာကို ကမ္ဘာပေါ်က အခြား ဘယ်နိုင်ငံကမှ ခွင့်မပြုပါဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် “ထိတ်လန့် တုန်လှုပ်” မိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားသလို ယင်းတိုက်ခိုက်မှုက “ယုတ်မာ ရက်စက်မှု” တစ်ခု ဖြစ်ကြောင်း အီးယူက ပြစ်တင်ရှုတ်ချခဲ့သည်။ ကျူးလွန်သူများ တာဝန်ခံရစေရေး လုပ်ဆောင်ရန် ၎င်းတို့က တိုက်တွန်းတောင်းဆိုခဲ့သည်။

ထို တိုက်ခိုက်မှုဖြစ်စဉ်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဇယ်လန်စကီး ဦးဆောင်ပြီး တဒင်္ဂမျှ ငြိမ်သက်ခဲ့ပြီး ယင်းနောက် ရုရှ ကျူးကျော်မှုများနှင့်ပတ်သက်ပြီး စစ်ဆေးအရေးယူရန် “အထူး ခုံရုံး” တစ်ခု ဖွင့်လှစ်ရေး ဥရောပနှင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး တာဝန်ရှိသူများကို ဇယ်လန်စကီးက တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required