ငွေကြေးခဝါချမှု သံသယရှိသဖြင့် အိန္ဒိယ စုံစမ်းစစ်ဆေးသူများက Vivo ကုမ္ပဏီအား ဝင်ရောက်စီးနင်း

ငွေကြေးခဝါချမှု သံသယရှိသဖြင့် အိန္ဒိယ စုံစမ်းစစ်ဆေးသူများက Vivo ကုမ္ပဏီအား ဝင်ရောက်စီးနင်း

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Vivo အား ငွေကြေးခဝါချသည်ဟု သံသယရှိသဖြင့် ယင်း၏ ဒါဇင်နှင့် ချီသော ရုံးခန်းများကို အိန္ဒိယ စုံစမ်းစစ်ဆေးသူများက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် Vivo က အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း ဇူလိုင် ၅ရက်တွင် ပြောကြားခဲ့သည်။

၂၀၂၂ခုနှစ် အစောပိုင်းတွင် Xiaomi နှင့် Huawei Technologies ကုမ္ပဏီများကို အလားတူစီးနင်းပြီးနောက် Vivo သည် အိန္ဒိယစုံစမ်းစစ်ဆေးရေးအေဂျင်စီများ၏ စိစစ်မှုကို ရင်ဆိုင်နေရသည့် နောက်ဆုံး တရုတ်နည်းပညာ ကုမ္ပဏီဖြစ်သည်။

Vivo ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အိန္ဒိယဘဏ္ဍာရေးရာဇဝတ်မှုတိုက်ဖျက်ရေးဌာနဖြစ်သည့် ဥပဒေစိုးမိုးရေး ညွှန်ကြားမှုဦးစီးဌာနသည် နေရာအများအပြားကို ဝင်ရောက်စီးနင်းခဲ့ပြီး ကုမ္ပဏီပိုင်ပစ္စည်းများကို သိမ်းဆည်း ခဲ့ကြောင်း အတည်ပြုခဲ့သည်။

“Vivo က လိုအပ်တဲ့ အချက်အလက်တွေအားလုံးကို ပေးစွမ်းနိုင်ဖို့ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင် ရွက်နေပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

Vivo သည် ဘတ်ဂျတ်ဟန်းဆက်များကို အထူးပြုထုတ်လုပ်ရောင်းချပြီး ၂၀၂၁ခုနှစ်တွင် အိန္ဒိယ၏ ပြိုင်ဆိုင်မှု ပြင်းထန်သော စမတ်ဖုန်းဈေးကွက်၏ ၁၅ ရာခိုင်နှုန်းကို ရရှိထားကြောင်း နည်းပညာသုတေသနကုမ္ပဏီ Counterpoint မှ ဖော်ပြခဲ့သည်။

၂၀၁၂ခုနှစ်တွင် အိန္ဒိယဈေးကွက်သို့ ပွဲဦးထွက်ဝင်ရောက်လာကတည်းက အိန္ဒိယပရီမီယာလိဂ် T20 ခရစ်ကတ် ပြိုင်ပွဲကဲ့သို့သော လူကြိုက်များသော အားကစားပွဲများတွင် နှစ်ရှည် ကမကထပြုမှုများကြောင့် Vivo အမှတ်တံဆိပ်သည် လူသိများလာခဲ့သည်။

Vivo ၏ မိခင်ကုမ္ပဏီ BBK Electronics သည် OnePlus နှင့် Realme စမတ်ဖုန်းများနှင့် တက်ဘလက်များကို ရောင်းချသည့် ပြိုင်ဘက်အမှတ်တံဆိပ် Oppo ကိုလည်း ပိုင်ဆိုင်ထားသည်။ 

အိန္ဒိယနှင့် တရုတ် ဆက်ဆံရေးသည် ၂၀၂၀ပြည့်နှစ်တွင် နှစ်နိုင်ငံကြား ဖြစ်ပွားခဲ့သော ဟိမဝန္တာတောင်တန်း စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုမှ ဖြစ်ပွားပြီးနောက် ဆက်ဆံရေးဆိုးရွားသွားခဲ့သည်။

ယင်းနောက်ပိုင်းတွင် အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက အလွန်ရေပန်းစားသော ဆိုရှယ်မီဒီယာTikTok အပါအဝင် တရုတ်ထုတ် မိုဘိုင်းအက်ပ်လီကေးရှင်း ရာနှင့်ချီကို ပိတ်ပင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly