သီရိလင်္ကာသမ္မတ စင်ကာပူမှနေ၍ ရာထူးမှ နုတ်ထွက်စာ တင်သွင်း 

သီရိလင်္ကာသမ္မတ စင်ကာပူမှနေ၍ ရာထူးမှ နုတ်ထွက်စာ တင်သွင်း 
Photo - AFP

ဇူလိုင် ၁၅

သီရိလင်္ကာနိုင်ငံတွင် အဆိုးဆုံး စီးပွားရေးအကျပ်အတည်းများကြောင့် ဖြစ်ပွားသော ဆန္ဒပြမှုများမှ သမ္မတက ထွက်ပြေးခဲ့ပြီး ရက်အတန်ကြာ စင်ကာပူသို့ ကြာသပတေးနေ့တွင် ရောက်ရှိလာပြီးနောက် အချိန်ပိုင်းအတွင်းမှာပင် ရာထူးမှ နုတ်ထွက်စာ တင်သွင်းလာကြောင်း လွှတ်တော်ဥက္ကဋ္ဌရုံးက ပြောသည်။ 

ဂိုတာဘာယာ ရာဂျာပတ်စာ၏ အီးမေးလ်ဖြင့် ပေးပို့သော နုတ်ထွက်စာကို သောကြာနေ့တွင် ဖြစ်နိုင်သော တရားဝင် ကြေညာခြင်းမတိုင်မီ စစ်ဆေးသုံးသပ်သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ၏ ပြောရေးဆိုခွင့်ရှိသူ အင်ဒူနီ ယာပါက ပြောသည်။ 

ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေက ဆန္ဒပြသူများသည် သမ္မတအိမ်တော်ကို ဝင်ရောက်စီးနင်းရာ ရာဂျာပတ်စာသည် တိမ်းရှောင်ထွက်ပြေးခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် မော်လ်ဒိုက်နိုင်ငံသို့ ရောက်ရှိကာ ယင်းနောက်၌ စင်ကာပူသို့ ရောက်ရှိခြင်း ဖြစ်သည်။ 

“အီးမေးလ်ရဲ့ စစ်မှန်မှုနဲ့ တရားဥပဒေနဲ့ ညီညွတ်မှုကို တရားဝင် လက်မခံခင်မှာ စစ်ဆေးသွားရဦးမှာ ဖြစ်တယ်”ဟု ယာပါက အေအက်ဖ်ပီသို့ ပြောသည်။ 

သီရိလင်္ကာတွင် ၁၉၇၈ ခုနှစ် သမ္မတအစိုးရစနစ် စတင်ချိန်မှစကာ ရာဂျာပတ်စာသည် ရာထူးမှ နုတ်ထွက်ရသည့် ပထမဆုံး သမ္မတ ဖြစ်မည်ဖြစ်သည်။ 

ယခု ရာထူးမှ နုတ်ထွက်စာ တင်သွင်းသည့် သတင်းထွက်ပေါ်လာခြင်းကြောင့် အတွင်းဝန်များရုံး အပြင်ဘက်တွင် အင်အားနည်းသော်လည်း ဝမ်းမြောက်ပျော်ရွှင်နေသော လူအုပ်က ပျော်ပွဲရွှင်ပွဲ ကျင်းပြီး တစ်ချို့က နိုင်ငံတော်အလံများကို ဝှေ့ယမ်းကာ ကခုန်ကြသည်။ 

“ဒါဟာ ကြီးမားတဲ့ အောင်ပွဲပါပဲ၊ ဒါပေမဲ့ အစပဲ ရှိပါသေးတယ်”ဟု ဆန္ဒပြသူ ဟာရင်ဒါက ပြောသည်။ 

သီရိလင်္ကာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ ဆက်ခံသူကို လွှတ်တော်က မခန့်အပ်မချင်း ဝန်ကြီးချုပ် ရာနီ ဝစ်ခရီမီဆင်းဟီက အလိုအလျောက် ယာယီသမ္မတ ဖြစ်လာမည် ဖြစ်သည်။ ဝန်ကြီးချုပ်ကိုလည်း နုတ်ထွက်ရန် ဆန္ဒပြသူများက တောင်းဆိုထားသည်။ 

ရာဂျာပတ်စာ၊ ၎င်း၏ ဇနီးနှင့် ကိုယ်ရံတော်နှစ်ဦးတို့သည် မော်လ်ဒိုက်နိုင်ငံမြို့တော် မာလေးမှ ဆော်ဒီအာရေဗျလေကြောင်းလိုင်း လေယာဉ်တစ်စင်းဖြင့် စင်ကာပူသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ 

သမ္မတအဖြစ် ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရသည့် ရာဂျာပတ်စာအနေဖြင့် နောင်တွင် ဖမ်းဆီးထိန်းသိမ်းခံရခြင်းကို ရှောင်ရှားနိုင်ရန် ရာထူးမှ မနုတ်ထွက်ခင် ပြည်ပသို့ ထွက်ခွာခြင်းဖြစ်သည်ဟု နားလည်ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required