ဝေးကွာသော နဂါးငွေ့တန်းဆီမှ ‘နှလုံးခုန်’ အချက်ပြမှုကို ဖမ်းယူရရှိ 

ဝေးကွာသော နဂါးငွေ့တန်းဆီမှ ‘နှလုံးခုန်’ အချက်ပြမှုကို ဖမ်းယူရရှိ 
Photo - Yahoo

ဇူလိုင် ၁၄

ဝေးကွာသော နဂါးငွေ့တန်းတစ်ခုဆီမှ လာနေသည့် တစ်မူထူးခြားပြီး ထပ်တလဲလဲ ဖြစ်ပေါ်နေသော အချက်ပြမှုကို သိပ္ပံပညာရှင်များက တွေ့ရှိသည်။ 

နှလုံးခုန်နှုန်းသဖွယ် ဖြစ်နေသော ပုံစံဖြင့် ရေဒီယိုစွမ်းအင် ပေါက်ကွဲမှုက အလင်းရောင်ဖြင့် အချက်ပြသလို ဖြစ်နေခြင်းကို တွေ့ရှိခြင်း ဖြစ်သည်။ 

ယင်းသည် နက်ရှိုင်းသော အာကာသအတွင်းမှ လာသည့် မြန်ဆန်သော ရေဒီယိုပေါက်ကွဲမှု သို့မဟုတ် လျှို့ဝှက်ဆန်းကြယ်ပြီး အားပြင်းသော စွမ်းအင်ပေါက်ကွဲမှုတစ်ရပ်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဆိုထားပြီး သိပ္ပံပညာရှင်များအနေဖြင့် ယင်းဖြစ်စဉ်ကို နားလည်နိုင်ခြင်း မရှိသေးပေ။ သို့ရာတွင် ထိုပေါက်ကွဲမှုများကြားတွင် ထူးခြားဆန်းကြယ်မှု ရှိနေပြီး ပုံမှန် မြန်ဆန်သော ရေဒီယိုပေါက်ကွဲမှု FRBs ၏ မီလီစက္ကန့် (တစ်စက္ကန့်၏ တစ်ထောင်ပုံ တစ်ပုံ) ထက် သုံးစက္ကန့်ပို ကြာမြင့်စွာ ဖြစ်ပေါ်နေသည်။ 

ယခု တွေ့ရှိသော အချက်ပြမှုသည် စကြဝဠာအတွင်း တွေ့ရခဲသော ‘ပြတ်တောင်း’ ဖြစ်ပေါ်သည့် ပုံစံမျိုးဖြင့် အချက်ပြမှု ဖြစ်နေပြီး ထို စွမ်းအင်ပေါက်ကွဲမှုသည် ၀ ဒသမ ၂ စက္ကန့်တိုင်း၌ တစ်ကြိမ်ကျစီ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ 

“အတိအကျ ကြိမ်နှုန်းနဲ့ အချက်ပြမှု ထုတ်လွှင့်နေတာမျိုး စကြဝဠာထဲမှာ များများစားစား မရှိပါဘူး”ဟု ရူပနက္ခတ္တဗေဒနှင့် အာကာသသုတေသနဆိုင်ရာ မက်ဆာချူးဆက် နည်းပညာသက်မွေးသိပ္ပံမှ ဒန်နဲလီ မီချီလီက ပြောသည်။ 

“ဥပမာအနေနဲ့ကတော့ ကျွန်တော်တို့ရဲ့ နဂါးငွေ့တန်းဟာ radio pulsars (ရေဒီယိုလှိုင်းဖြင့် တည်ရှိမှု သိရသော ကြယ်တာရာစု) နှင့် magnetars (ပြင်းအားမြင့် သံလိုက်စက်ကွင်းများ ဖြစ်ပေါ်သော နျူထရွန်ကြယ်စု)ဆိုတာ ကျွန်တော်တို့ သိထားရတယ်၊ အဲဒီမှာ မီးပြတိုက်လိုမျိုး ပုံမှန်ကြိမ်နှုန်းနဲ့ လျှပ်စစ်လှိုင်းတန်းတွေကို ထုတ်လွှင့်နေတာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

“အခု အသစ်တွေ့ရှိတဲ့ အချက်ပြမှုဟာလည် magnetar ဒါမှမဟုတ် radio pulsar တွေပဲ ဖြစ်မယ်လို့ ကျွန်တော်တို့ ထင်တယ်”ဟု ၎င်းက ဆိုသည်။ 

လက်ရှိအထိ တွေ့ရှိထားသမျှတွင် အရှင်းလင်းဆုံး ကြိမ်နှုန်းနှင့် အရှည်ကြာဆုံး အချက်ပြမှုဖြစ်သည့် ယခု အချက်ပြမှုသစ်ကို FRB 20191221A ဟု အမည်တပ်ထားသည်။ 

အချက်ပြမှု၏ တည်ရာသည် ကမ္ဘာမြေမှ အလင်းနှစ် ဘီလီယံနှင့်ချီသော ကွာဝေးသည် နဂါးငွေ့တန်းတစ်ခုမှ ဖြစ်သည်။ 

သို့ရာတွင် ယင်းအချက်ပြမှုသည် radio pulsar သို့မဟုတ် magnetar မှ ထွက်ပေါ်ခြင်းလားဆိုသည်ကို နက္ခတ္တဗေဒပညာရှင်များက သံသယဖြစ်နေပြီး ယင်း၏ တည်ရာနှင့်ပတ်သက်၍လည်း ဉာဏ်မမီနိုင်အောင် ထူးခြားဆန်းပြားမှု ဖြစ်နေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required