ဒလိုင်းလားမား၏ ၈၇ နှစ်မြောက် မွေးနေ့တွင် နှုတ်ခွန်းဆက်ခဲ့သော အိန္ဒိယဝန်ကြီးချုပ်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို တရုတ်ဝေဖန်

ဒလိုင်းလားမား၏ ၈၇ နှစ်မြောက် မွေးနေ့တွင် နှုတ်ခွန်းဆက်ခဲ့သော အိန္ဒိယဝန်ကြီးချုပ်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို တရုတ်ဝေဖန်

တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား၏ ၈၇ နှစ်မြောက် မွေးနေ့တွင် နှုတ်ခွန်းဆက်ခဲ့သော အိန္ဒိယ ဝန်ကြီးချုပ် မိုဒီအား တရုတ်က ဝေဖန်ခဲ့ပြီး အိန္ဒိယသည် တိဗက်နှင့် ပတ်သက်သည့် ပြဿနာများကို အသုံးချကာ တရုတ်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေခြင်းကို ရပ်တန့်သင့်သည်ဟု တရုတ်အစိုးရက ပြစ်တင်ဝေဖန်လိုက်သည်။

မိုဒီသည် ဇူလိုင်လ ၆ရက် တွင် အသက် ၈၇ နှစ်ပြည့်သွားသည့် ဒလိုင်းလားမားအား ဖုန်းဖြင့် နှုတ်ခွန်းဆက် သွယ်ခဲ့သည်။

' ဒီနေ့ အစောပိုင်းက ဒလိုင်းလားမားရဲ့ ၈၇ နှစ်မြောက် မွေးနေ့အတွက် ဖုန်းကနေ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။ သက်တော်ရာကျော် ကျန်းမာပါစေလို့ ကျွန်တော်တို့ ဆုတောင်းပါတယ်' ဟု မိုဒီက ဇူလိုင်လ ၆ရက်တွင် တွစ်တာတွင် ရေးသားခဲ့သည်။

၂၀၂၁ခုနှစ်ကလည်း အိန္ဒိယဝန်ကြီးချုပ်သည် ဒလိုင်းလားမားမွေးနေ့အတွက် ဆုတောင်းပေးခဲ့သည်။

ဒလိုင်းလားမားကို ထောက်ခံသူများက အဝေးရောက် ဒလိုင်းလားမားနေထိုင်ရာ ဒါရမ်ဆာလာတွင် မွေးနေ့ပွဲကို ကျင်းပခဲ့ကြသည်။

မိုဒီ၏ နှုတ်ခွန်းဆက်စကားအပေါ် မေးခွန်းထုတ်ရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက '၁၄ ဆက်မြောက် ဒလိုင်းလားမား၏ တရုတ်ဆန့်ကျင်ရေးနှင့် ခွဲထွက်ရေးသဘော သဘာဝကို အိန္ဒိယဖက်က အပြည့်အဝ အသိအမှတ် ပြုသင့်သည်' ဟု ပြောကြားခဲ့သည်။

“တရုတ်နဲ့ ပြုလုပ်ထားတဲ့ ကတိကဝတ်တွေကို လိုက်နာရမယ်၊ သတိရှိရှိ ပြောဆိုလုပ်ကိုင်ရမှာဖြစ်ပြီး တိဘက်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို အသုံးချပြီး တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတာကို ရပ်တန့် သင့်ပါတယ်” ဟု ကျောက်က ပြောကြားခဲ့သည်။

ဒလိုင်းလားမားကို နှုတ်ခွန်းဆက်သခြင်းအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကို လည်း တရုတ်က ပြစ်တင်ဝေဖန်ခဲ့သည်။

ဘလင်ကန်၏ နှုတ်ခွန်းဆက်သခြင်းအား ဝေဖန်ပြောဆိုရာ ကျောက်က 'တိဗက်အရေးက တရုတ်ရဲ့ ပြည်တွင်းရေးကိစ္စဖြစ်ပြီး နိုင်ငံခြားဝင်ရောက်စွက်ဖက်ခြင်းကို လက်မခံပါဘူး။ ၁၄ ဆက်မြောက် ဒလိုင်း လားမားနဲ့ ဘယ်နိုင်ငံကမဆို ထိတွေ့ဆက်ဆံတာမျိုးကို ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်' ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required