ရှမ်းတောင်ပိုင်းတပ် နှင့် ပလောင်တပ်တို့ ပဋိပက္ခ တွေ့ဆုံညှိနှိုင်းရန် ရှမ်းမြောက်ပိုင်းတပ် တိုက်တွန်း

ရှမ်းတောင်ပိုင်းတပ် နှင့် ပလောင်တပ်တို့ ပဋိပက္ခ တွေ့ဆုံညှိနှိုင်းရန် ရှမ်းမြောက်ပိုင်းတပ် တိုက်တွန်း

ချင်းမိုင်၊ ဖေဖော်ဝါရီ ၁၃ ။ ။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)တို့အကြား ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခ အမြန်ဆုံး တွေ့ဆုံညှိနှိုင်းခြင်းဖြင့် ဖြေရှင်းရန် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က တိုက်တွန်းလိုက်သည်။

“ကျနော်တို့ တစ်ဖက်နဲ့တစ်ဖက် ရေရှည်တိုက်ပွဲ ဖြစ်ပွားမယ်ဆိုရင် ပြည်သူတွေပဲ အသိဒုက္ခရောက်မယ်လေ။ အကောင်းဆုံးက နှစ်ဖက် ညှိနှိုင်းဆွေးနွေးပြီးတော့ လက်နက်နဲ့ မဖြေရှင်းတာ အကောင်းဆုံးလို့ ကျနော်တို့ မြင်လို့ ကျနော်တို့ ကြားက ဆောင်ရွက်ပေးတာပါ”ဟု SSPP/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

လက်ရှိ ဖြစ်ပွားနေသော နှစ်ဘက်တင်းမာမှုများ အမြန်ဆုံး ပြေလည်စေရန်နှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်အတွက် PSLF/TNLA နှင့် RCSS/SSA ထံသို့ ကိုယ်စားလှယ်စေလွှတ် ဆွေးနွေးနေကြောင်း ဖေဖော်ဝါရီလ ၁၂ ရက်က ကြေငြာချက် ထုတ်ပြန်လိုက်သည်။

လက်နက်ကိုင်ဖြေရှင်းခြင်း၏ အကျုးိဆက်ကြောင့် ရှမ်းနှင့် ပလောင်တိုင်းရင်းသားများ အပါအဝင် ညီအစ်ကို တိုင်းရင်းသားများ ဒုက္ခရောက်သည်မှာ မိမိတို့အတွက် ဆုံးရှုံးမှုကြီးသာဖြစ်သည့်အပြင် တိုင်းရင်းသား ညီအစ်ကိုအချင်းချင်းကြား ယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုကိုလည်း ထိခိုက်စေသည်ဟု ဖော်ပြထားသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်မှစတင်၍ ယနေ့ထိ နှစ်ဖက် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲကြောင့် ဒေသခံထောင်ချီ အိုးအိမ်စွန့် ထွက်ပြေး ထွက်တိမ်းရှောင်နေကြရမှုအပေါ် SSPP မှ အထူးစိုးရိမ်ပူပန်မိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

SSPP/SSA အနေဖြင့် ဆွေးနွေးရန် ရောက်ရှိလာသည်ဟု သိရသဖြင့် RCSS/SSA မှ ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် ရှိကြောင်း မည်သည့်အကြောင်းကြောင့် လာရောက် ဆွေးနွေးမည်ကို မသိရသေးကြောင်း RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

“သူတို့လာတဲ့အကြောင်းကိစ္စက ဘာကြောင့်လာမှန်းမသိသေးဘူး။ ရောက်တော့ ရောက်လာတယ်လို့ သိရပါတယ်။ ကျနော်တို့ ထိပ်သီးခေါင်းဆောင်တွေနဲ့ သွားတွေ့ဖို့ အစီအစဉ်ရှိပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) က မဟာမိတ်ဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အား RCSS/SSA နှင့် တိုက်ပွဲ ဖြစ်ပွားနေမှုအား ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးရန် စာရေးသားပေးပို့ခဲ့သလို၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကိုလည်း တွေ့ဆုံဖြေရှင်းပေးရန် စာဖြင့် တင်ပြခဲ့သည်။

PSLF/TNLA နှင့် RCSS/SSA တို့ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့သော နှစ်လကျော်ကြာသည် နှစ်ဖက် တွေ့ဆုံ ညှိနှိုင်းရန်အတွက် လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့် ခရီးသွားလာရေး ခက်ခဲနေသည်ဟု PSLF/TNLA အတွင်းရေးမှူး ဗိုလ်မှူးကြီး မိုင်ဘုန်းကျော်က ဖေဖော်ဝါရီလ ၁၂ ရက်က မဇ္ဈိမကို ပြောဆိုထားသည်။

SSPP သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ခြင်း မရှိသဖြင့် လက်မှတ်ရေးထိုးခြင်း မရှိသေးသော အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags