ပါကစ္စတန်၏စီးပွားရေးဒုက္ခများ ပိုမိုဆိုးရွားလာကာ အဆိုးဆုံးအခြေအနေ ကြုံလာရဖွယ်ရှိ

ပါကစ္စတန်၏စီးပွားရေးဒုက္ခများ ပိုမိုဆိုးရွားလာကာ အဆိုးဆုံးအခြေအနေ ကြုံလာရဖွယ်ရှိ

ကာလကြာမြင့်လာသည့် ယူကရိန်း-ရုရှား ပဋိပက္ခသည် ဆင်းရဲသောနိုင်ငံများ အထူးသဖြင့် ပါကစ္စတန်ကဲ့သို့ နိုင်ငံများ၏ အခြေခံကျသောအရာများကို ထိခိုက်စေသည်။ အမေရိကန်နှင့်ဥရောပ၏ ဒဏ်ခတ်အရေးယူမှုများသည် ရုရှားဘက်မှ ရေနံဖြတ်တောက်သည့် လက်တုံ့ပြန်မှုကိုဖြစ်စေခဲ့ပါက ကမ္ဘာ့ရေနံစျေးနှုန်းသည် ကြီးမားလှသည့်အန္တရာယ်အဆင့်သို့ ရောက်ရှိနိုင်ကြောင်း JP Morgan Chase & Co. မှ လေ့လာသုံးသပ်သူများသည် မကြာသေးမီက သတိပေးခဲ့သည်။ နေ့စဉ် စည်ပေါင်း ၃ သန်းကို ထောက်ပံ့မှုဖြတ်တောက်လိုက်ခြင်းကြောင့် လန်ဒန်ရေနံစိမ်းတန်ဖိုးသည် အမေရိကန်  ဒေါ်လာ ၁၉၀ အထိ ရောက်ရှိနိုင်မည်ဖြစ်သလို အဆိုးဆုံးအခြေအနေအဖြစ် စည် ၅ သန်း ဖြတ်တောက်လိုက်ပါက တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၃၈၀ အထိ ဖြစ်သွားလိမ့်မည်ဟု လေ့လာသုံးသပ်သူက ဆိုသည်။

ထိုအခြေအနေက သီရိလင်္ကာတွင်ရင်ဆိုင်နေရသော လက်ရှိအကျပ်အတည်းထက် ပိုမိုဆိုးရွားသည့် အခြေအနေသို့ ပါကစ္စတန်ကို တွန်းပို့ပေလိမ့်မည်။ ပါကစ္စတန်တွင် ရေနံဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ အထက် ကျော်လွန်နေချိန်တွင် လက်တလော၌ အဆိုးရွားဆုံး စွမ်းအင်အကျပ်အတည်းကို ကြုံတွေ့နေရသည်။

မကြာသေးမီက နိုင်ငံပိုင် Pakistan LNG Ltd သည် ဈေးနှုန်းမြင့်သည်ကို အကြောင်းပြကာ ဇူလိုင်လ တင်ပို့မှုအတွက် ဝယ်ယူမှုတင်ဒါကို ဖျက်သိမ်းလိုက်သဖြင့် အကျပ်အတည်းမှာ ပိုမိုဆိုးရွားလာသည်။

ပါကစ္စတန်တွင် ငွေကြေးဖောင်းပွမှုမြင့်မားခြင်း၊ နိုင်ငံခြားအရန်ငွေလျော့နည်းလာခြင်း၊ လက်ရှိစာရင်းလိုငွေပြမှုနှင့် ငွေကြေးတန်ဖိုးကျဆင်းလာခြင်းအပါအဝင် စီးပွားရေးစိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသသည်။ ရှက်ဘက်ရှာရစ်ဖ် အစိုးရက မေလတွင် အဓိကမလိုအပ်သော ဇိမ်ခံပစ္စည်းပေါင်း ၈၀၀ ကျော်ကို တားမြစ်ထားသော်လည်း ငွေကြေးအကျပ်အတည်းကြုံနေသော ပါကစ္စတန်၏ကုန်သွယ်မှုလိုငွေသည် လွန်ခဲ့သည့်ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၆၆ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး မျှော်လင့်ထားသည်ထက် ပိုမိုဝင်ရောက်လာသော သွင်းကုန်များကြောင့် ယခင်နှစ်ထက် ၅၇ ရာခိုင်နှုန်း တိုးလာခဲ့သည်။ လက်ရှိဖြစ်ပွားနေသော ယူကရိန်းစစ်ပွဲကြောင့် ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်သဖြင့် နိုင်ငံတကာ ဈေးကွက်မှာ ရေနံနှင့်ကုန်ပစ္စည်းဈေးနှုန်းများ ခါတိုင်းထက်မြင့်တက်သောကြောင့် ကုန်သွယ်မှုလိုငွေ မြင့်မားလာခြင်းဖြစ်သည်။

အမွှန်းတင်ခံရလွန်းသော တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံသည် ပါကစ္စတန်တွင် စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရမည့်အစား ယခုအခါ အစိုးရအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးဖြစ်လာခဲ့သည်။ ပါကစ္စတန်သည် ကမ္ဘာတစ်ဝန်း၌ တရုတ်၏ ထောက်ပံ့ငွေနှင့် အကူအညီကို အများဆုံး လက်ခံရရှိသူဖြစ်သော်လည်း CPEC စီမံကိန်းအများစုသည် လွန်ခဲ့သော ၄ နှစ်ကျော်မှစ၍ ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေဖြစ်နေခဲ့သည်။

ဇွန်လတွင် ငွေကြေးဖောင်းပွမှုနှုန်းအမြင့်ဆုံးအဖြစ် ၂၀ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သလို ဆီ ၁ လီတာကို ၅၀ ရူပီး စည်းကြပ်ခွန်ကောက်ရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် သဘောတူညီမှုက အခြေအနေကို ပိုဆိုးရွာလာစေပြီး ၃၃ ရက်အတွင်းတွင် ဆီ ၁ လီတာလျှင် ၁၄၉ ရူပီးမှ ၂၄၉ ရူပီးအထိ မြင့်တက်လာခဲ့သည်။ ထို့ပြင် လျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ခွန်များကို တိုးကောက်ခဲ့သော်လည်း နိုင်ငံသည် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကို ကြုံရဆဲဖြစ်သည်။

ထို့အတူ မရှိမဖြစ်သောသွင်းကုန်များကြောင့် နိုင်ငံခြားအရန်ငွေမှာလည်း လျော့နည်းလျက်ရှိသည်။

ပါကစ္စတန်၏ ဟင်းချက်ဆီတင်သွင်းမှုတန်ဖိုးသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ ၁၁ လတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၆ ဘီလီယံအထိ ရှိလာကာ ယမန်နှစ်ကထက် ၄၄ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

၎င်းသည် ၃ နှစ်တာ IMF ချေးငွေ ၆ ဘီလီယံ အစီအစဉ်၏ ၆၀ ရာခိုင်နှုန်းနှင့်ညီမျှသည်။

ပြည်တွင်းဈေးကွက် ဟင်းချက်ဆီဈေးနှုန်းသည် ၂၀၁၉ ဇန်နဝါရီက ၁ လီတာလျှင် ၂၀၀ ရူပီးရှိရာမှ ၅၅၀ ရူပီးအထိ မြင့်တက်ခဲ့သည်။

ပါကစ္စတန်တွင် လူဦးရေနှင့် တစ်ဦးချင်းဝင်ငွေ တိုးလာသည်နှင့်အမျှ သွင်းကုန်များ အလျင်အမြန် များပြားလာသော်လည်း နိုင်ငံအတွင်း ဆီအုန်းနှင့် ပဲပိစပ်ပင်များ စိုက်ပျိုးရန် စတင်လုပ်ဆောင်သည့် ရှေ့ပြေးစီမံကိန်းများသည် ကျေနပ်ဖွယ်ရလဒ်များ မထွက်ခဲ့ကြောင်း လေ့လာသုံးသပ်သူတစ်ဦးက မှတ်ချက်ပြုသည်။

ပါကစ္စတန်သည် အခြားနိုင်ငံများထက် IMF ငွေကြေးထောက်ပံ့မှုအစီအစဉ်များကို ပိုမိုရရှိထားကြောင်း ထင်ရှားသော ပါကစ္စတန်ဘဏ်လုပ်ငန်းရှင် ယူဆက်ဖ် နာဇာကဆိုသည်။ ပါကစ္စတန်အစိုးရ၊ အရပ်ဘက် သို့မဟုတ် စစ်တပ်သည် နိုင်ငံ၏ စီးပွားရေးတွင် အခြေခံပြဿနာများကို ဖြေရှင်းရန် တစ်ကြိမ်တစ်ခါမျှ  မကြိုးစားခဲ့သဖြင့် ပြည်ပနိုင်ငံများနှင့် စီးပွားဆက်ဆံရေးကဏ္ဍသည် အမြဲတမ်း အားနည်းချက်ရှိကြောင်း ယင်းအချက်က ညွှန်ပြနေသည်။ အစိုးရက ထုတ်ပြန်သည့် တိုးတက်မှုကိန်းဂဏန်းများမှာလည်း တစ်ခါတစ်ရံ လွဲမှားနေပြီး စားသုံးမှုနှင့် သွင်းကုန် တိုးတက်မှုများကသာ ဦးဆောင်နေသည်။ ပို့ကုန်၊ ရင်းနှီးမြုပ်နှံမှုနှင့် စုဆောင်းငွေတို့ ဦးဆောင်မှုမရှိသည့် မည်သည့်တိုးတက်မှုမဆို ပြိုလဲမည်ဖြစ်သည်။

ပါကစ္စတန်၏ မိတ်ဆွေနိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာငွေချေးငှားသူများသည် ပါစ္စတန်၏ ငွေကြေးအကူအညီ ပေးရေး ဇာတ်လမ်းဟောင်းများကို ဆက်လက်နားမထောင်လိုတော့သည့်အခြေအနေသို့ ရောက်ရှိနေပေပြီ။ ပါကစ္စတန်သည် တခြားနိုင်ငံများ၏ ထောက်ပံ့ကြေးဖြင့်သာ နေချင်နေကြောင်း သဘောပေါက်လာကြပြီဖြစ်သည်။

ဖွဲ့စည်းပုံဆိုင်ရာ အားနည်းချက်များအပြင် စနစ်အတွင်း ထိရောက်မှုမရှိခြင်းနှင့် အကျင့်ပျက်ခြစားမှုများ ရှိနေခြင်းမှာ အရင်းခံအကြောင်းတရားများဖြစ်သည်။ IMF က အစိုးရဌာနများတွင် အကျင့်ပျက်ခြစားမှုကို တားဆီးရန် ရည်ရွယ်သော တည်ဆဲဥပဒေအားလုံးကို ပြန်လည်သုံးသပ်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းရန် ပါကစ္စတန်ကို တောင်းဆိုခဲ့သည်။ ပြီးခဲ့သည် နှစ်ပေါင်း ၁၃ နှစ်မှ ၁၄ နှစ်အတွင်း စွမ်းအင်ဖြန့်ဖြူးရေးကုမ္ပဏီများ၊ ပါကစ္စတန်မီးရထားနှင့် ပါစ္စတန်သံမဏိစက်ရုံများကဲ့သို့သော နိုင်ငံပိုင်လုပ်ငန်းများ၏ ဆုံးရှုုံးမှုများသည် စနစ်ကို ပိုမိုဆိုးရွားစေခဲ့သည်။

ပို့ကုန်နှင့် ဂျီဒီပီအချိုး ရေရှည်ကျဆင်းမှုသည် နိုင်ငံခြားအရန်ငွေဖိအားအပေါ် ပိုမိုဆိုးရွားစေသည်။

ချမ်းသာသောမိသားစုများနှင့် ဓနရှင်များသည် ဝင်ငွေနှင့် အလုပ်အကိုင်ရရှိစေမည့် စီးပွားရေးလုပ်ငန်းများအစား ထပ်မံကြွယ်ဝလိုသော သဘောထားဖြင့် သက်သောင့်သက်သာနေနေကြကာ အမြတ်အစွန်းများသော အိမ်ခြံမြေလုပ်ငန်းတွင် ရင်းနှီးမြုပ်နှံလျက်ရှိသည်။

ပါကစ္စတန်သည် မတည်ငြိမ်မှုများ၏ သားကောင်ဖြစ်နိုင်ကြောင်း မကြာသေးမီက ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပါကစ္စတန်သည် ၂၁ ရာစုအစကတည်းက နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၆ မှ ၂၁ ဘီလီယံပျမ်းမျှလိုငွေပြမှုနှင့် ရင်ဆိုင်နေရသည်။ ငွေကြေးဖောင်းပွမှုနှင့် ချိန်ညှိပြီးနောက် တစ်ဦးချင်းဝင်ငွေသည် ဤကာလအတွင်း ၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

နိုင်ငံတော်၏ ကုန်ထုတ်နိုင်စွမ်းသည် ယခင်ကာလနှင့် နှိုင်းယှဉ်ပါက ကျဆင်းခဲ့ကြောင်းနှင့် ဖွဲ့စည်းပုံဆိုင်ရာ ချို့ယွင်းချက်များလည်းရှိကြောင်း အစီရင်ခံစာတွင် အလေးထားဖော်ပြထားသည်။ လက်ရှိအချိန်တွင် IMF ၏ ထောက်ပံ့ကူညီမှုအစီအစဉ်ရှိနေသော်လည်း ပါကစ္စတန်သည် ပြင်ပအကြောင်းအရာအများစုနှင့် အဓိအားဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကျော်အတွင်း တိုင်းပြည်အပေါ် စီမံအုပ်ချုပ်မှု လွန်စွာညံ့ဖျင်းခဲ့သောကြောင့် နောင်တွင်လည်း ပိုမိုခက်ခဲသောလမ်းခရီးကို တွေ့ကြုံရဦးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required