အောင်မြင်သည့် အသက်မွေးဝမ်းကျောင်းဆိုတာ ဘာလဲ

အောင်မြင်သည့် အသက်မွေးဝမ်းကျောင်းဆိုတာ ဘာလဲ
ဓာတ်ပုံ-မဇ္စျိမ
 

လုပ်ငန်းခွင် ဝင်နေသူအများစုသည် မိမိတို့ လုပ်ငန်းနှင့် ပတ်သက်သည့် စိတ်ခံစားမှု ထွေထွေ ထူးထူး မရှိပဲနေ့ တစ်နေ့ကို ကုန်ဆုံးသွားတတ် ကြသည်။ ထို့အပြင် နောက်တစ်နေ့ လုပ်ငန်းခွင်သို့ ဝင်ရန် ကြောက်လန့် နေတတ်ပြန်သည်။ ဒါကြောင့် နေပျော်မည့် အလုပ်များကိုထပ်ခါထပ်ခါ ရှာဖွေ လေ့ ရှိကြပြန်သည်။ မည်သို့ပင်ဖြစ်စေ ကိုယ်ကိုယ်တိုင်သာ အရေးကြီးဆုံး ဖြစ်သည်။ ထို့ကြောင့် အသက်မွေးဝမ်းကျောင်းအတွက် အလုပ်တစ်ခုရှာဖွေရာတွင် တစ်ရက်လုပ်ပြီး စိတ်ပျက်ရမည့် အလုပ် မျိုးထက် နေပျော်မည့် အလုပ်မျိုးကို ရှာဖွေသင့်သည်။

အများစုသည် ရပ်တည်နေထိုင်မှုအတွက် အောင်မြင်သည့် အသက်မွေးဝမ်းကျောင်းကို ရရှိပိုင် ဆိုင်လိုကြသည်။ အဘယ်ကြောင့်ဆိုသော် အသက်မွေးဝမ်းကျောင်း အောင်မြင်မှုသည် ပုဂ္ဂိုလ်ရေး အောင်မြင်မှုနှင့် ဆက်နွယ်နေသောကြောင့် ဖြစ်သည်။ ဒါကြောင့် သင်၏ အသက်မွေးဝမ်းကျောင်း သည် စိတ်တိုင်းမကျဖြစ်နေပါကကျရှုံးခြင်း နှင့် အတူတူပင်ဖြစ်သည်။ ထိုကျရှုံးခြင်းသည် ကိုယ်ဘယ် သူလဲ၊ ဘယ်လိုလူမျိုးလဲဆိုတာကို တည်ဆောက်ရာတွင် ထိခိုက်နိုင်သည်။

ထို့အပြင် www.jobless.com.mm မှ အလုပ်အကိုင်အကြံပေးနှင့် CEO ဖြစ်သူ Vladimir Neduchalကလည်း "အကောင်းဆုံး နည်းလမ်းက ကိုယ်အလုပ်ကိုယ် ချစ်မြတ်နိုးခြင်း ဖြစ်တယ်။ ကိုယ်စိတ်ကြိုက်အလုပ်ကို ရွေးချယ်လုပ်ကိုင်နိုင်မှသာ လုပ်ငန်းခွင် နေပျော်မှုကို ဖန်တီးနိုင်မှာ ဖြစ်တယ်။ ဒီလိုအကြံပေးခြင်းက စိတ်ကူးယဉ် ဆန်သလိုဖြစ်နေပေမယ့် ဒါကအမှန်တရားတစ်ခု ဖြစ်တယ်။ စိတ်ကူးယဉ်ဆန်တဲ့အမှန်တရားလို့လည်း မှတ်ယူနိုင်တယ်" ဟု မှတ်ချက်ပြုထားပြန်သည်။ ထို့ကြောင့် ယခုဆောင်းပါးတွင် ထိုအမှန်တရားကို မည်သို့ ဖန်တီးရယူရမည်ကို အကြံပေး တင်ပြသွား မှာ ဖြစ်သည်။

ဘဝ၏ အချိန်တော်တော်များများကို လုပ်ငန်းခွင်၌ ကုန်ဆုံးရသည်က များသည်။ အသက်အ ပိုင်းခြားအားဖြင့် ၁၈ နှစ်မှနေ၍ ၆၅ နှစ်အထိသည် လုပ်ငန်းခွင်ထဲ၌သာ အချိန်ကုန်ကြရသည်။ တစ်ချို့ ဆိုလျှင် အသက် ၇၀ အရွယ်ထိအလုပ် လုပ်ကြရသည်။ ထို့အပြင် တစ်ရက်ကို ၈ နာရီ၊ တစ်ပတ်လျှင် ၅ ရက်ခန့် အနည်းဆုံး အချိန်ပေးရသည်။ ထိုအချိန်များကို နာရီဖြင့်တွက်ပါက နာရီပေါင်း ၁ သိန်းခန့် ရှိသည်။ အလွန်များသည့် ပမာဏပင် ဖြစ်သည်။

ထိုသို့ နာရီပေါင်းများစွာ ပေးဆပ်ကာလုပ်ငန်းခွင် ဝင်နေကြသူအများစုသည် ဘယ်အလုပ်ကို လုပ်မည်။ ဘယ်နေရာမှာလုပ်မည် စသည်များကို ရွေးချယ်ခွင့် မရကြပေ။ ကိုယ်နှင့် ကိုယ့် မိသားစု အတွက် ဝင်ငွေတစ်ခုရရန်ကိုသာ အဓိကထား ရွေးချယ်ကြရသည်။ ယခုလို ရွေးချယ်မှုသည် ရှင်သန် မှုအတွက် အခြေခံကျသည့် ရွေးချယ်မှုဖြစ်သည်။ ထိုမှတဆင့် ကိုယ်ရွေးချယ်သည့် အသက်မွေးဝမ်း ကျောင်းတွင် ကိုယ်ကအောင်မြင်မှုကို ရယူနိုင်ခဲ့ပါက ပိုမိုပြည့်စုံသည့် နေထိုင်မှု ဘဝပုံစံဖြစ်သည့် အားလပ်ရက်ယူခြင်း၊ ဇိမ်ခံကားဝယ်ခြင်း၊ ပို၍ ကောင်းသောအိမ်သို့ ပြောင်းရွှေ့နေထိုင်ခြင်း စသည် များကို ပြုလုပ်နိုင်မည် ဖြစ်သည်။ တကယ့် မေးခွန်းက ထိုသို့သော အောင်မြင်သည့် အသက်မွေးဝမ်း ကျောင်းကို ဘယ်လို ရယူမည်နည်းဆိုသည့် မေးခွန်းပင် ဖြစ်သည်။

အဓိကအဖြေသည် ပြည့်စုံသည့် အသက်မွေးဝမ်းကျောင်းတစ်ခုကို ရယူခြင်း ဖြစ်သည်။ ရယူ သည်ဟုဆိုရာတွင် ကိုယ်တိုင် တည်ဆောက်သည်ဟု ဆိုပါက ပိုမှန်မည် ဖြစ်သည်။ ထိုအမှန်တရားကို တည်ဆောက်ဖို့ ကြိုးစားရာတွင် အဓိက အဟန့်အတားတစ်ခုကို ရင်ဆိုင်ကြရသည်။ ထိုအဟန့်အတား သည် အကြောက်တရား ဖြစ်သည်။

ဆုံးရှုံးမှာကို ကြောက်သည်။ ကျရှုံးမှာကို ကြောက်သည်။ အရှက်ရမှာကို ကြောက်သည်။ တစ်ချို့က အောင်မြင်မှာကို ကြောက်သည်။ အောင်မြင်မှာကို ကြောက်သည်ဟုဆိုခြင်းသည် အောင်မြင်ခြင်း၏ လမ်းစများဖြစ်သည့် တာဝန်ယူမှု၊ အချိန်ကြာမြင့်စွာ အာရုံစူးစိုက်နိုင်မှု၊ ဖိအား ဒဏ်များ ခံနိုင်မှု၊ အပြောင်းအလဲ ဒဏ်ခံနိုင်မှု စသည့်တို့ကို ကြောက်ရွံ့နေခြင်းပင် ဖြစ်သည်။ ထိုအကြောက်တရားများစွာက အောင်မြင်ခြင်းနှင့် ကျရှုံးခြင်းအတွက် အလှည့်အပြောင်းများ ဖြစ်လာ ခဲ့ခြင်း ဖြစ်သည်။

အောင်မြင်သည့် အသက်မွေးဝမ်းကျောင်းကို ပိုင်ဆိုင်သူများသည် ထိုသို့ ကျရှုံးစေနိုင်သည့် အကြောက်တရားများကို မကြောက်မရွံ့ ဖြတ်ကျော်နိုင်သူများ ဖြစ်သည်။ အမှားအယွင်းကင်းစွာလည်း ဖြတ်ကျော်နိုင်ကြသည်။ မှားယွင်းခဲ့ပါကလည်း ထိုအမှားများကို သင်ခန်းစာယူကာ ဖြတ်ကျော်သွား တတ် ကြသည်။ အဓိက လူတစ်ဦးချင်းစီ၏ အသက်မွေးဝမ်းကျောင်းအတွက် အရေးကြီးသည့် အရာ သည် မိမိရပ်တည်မည့် အသက်မွေးဝမ်းကျောင်းနှင့် သက်ဆိုင်သည့် ဒီဂရီ (တတ်/သိပညာ) ဖြစ်သည်။ ထို့အပြင် ထိုသူ၏ ဘဝ၊ မိသားစု၊ မိတ်ဆွေ အပေါင်းအသင်း၊ ဝါသနာ၊ စိတ်ဝင်စားမှု စသည့် အခြေအနေများအပေါ်တွင်လည်းမူတည်သည်။ တစ်ချို့ အသက်မွေးဝမ်းကျောင်းတစ်ခုကို အောင်မြင် စွာ ရပ်တည်နေသည့် သူများသည် အထက်ဖော်ပြပါ အရာများကို အစီအစဉ်တကျ အသုံးပြုခဲ့၍ ဖြစ်သည်။ တစ်စိတ်တစ်ပိုင်းနှင့် အလုံးစုံအသုံးပြုမှု ကွာခြားခြင်းက အသက်မွေးဝမ်းကျောင်း ရပ်တည် မှု အခြေအနေ အဆင့်အတန်း အမျိုးမျိုးကို ဖြစ်လာစေသည်ဟု မှတ်ယူစေချင်သည်။

မရင်းနှီးသေးသည့် သူစိမ်းတစ်ဦးနှင့် တွေ့သောအခါ "ဘာအလုပ်ကို လုပ်ကိုင်သနည်း" ဆိုသည့် မေးခွန်းသည် အဓိက ပြောလေ့ရှိသည့် စကားတစ်ခွန်းလည်း ဖြစ်သည်။ ဒီလိုမေးခွန်းမျိုး သည် ရင်းနှီးမှုကို စတင် တည်ဆောက်နိုင်ရန် အကောင်းဆုံး လက်သုံးစကားလည်း ဖြစ်သည်။ အကယ်၍သာ သင်သည် အသက်မွေးဝမ်းကျောင်းတွင် မပျော်ရွှင်သူဖြစ်ပါက ရင်းနှီးခင်မင်မှုကို တည်ဆောက်ရာတွင် အခက်အခဲများ ဖြစ်လာနိုင်သည်။ အကယ်၍သာသင်သည် မှန်ကန်သည့် အသက်မွေးဝမ်းကျောင်း တစ်ခုဖြင့် ရပ်တည်နေသူဖြစ်ပါက ပြောဆိုမိတ်ဆက်သည့် အခါတွင် ကျေနပ်စရာပင် ဖြစ်သည်။

ထိုသို့ စိတ်ကျေနပ်မှုရစေရန် မှန်ကန်စွာ ရွေးချယ်နိုင်ဖို့လည်း လိုအပ်သည်။ ထိုသို့ရွေးချယ် နိုင်ရန် ကံနှင့်လည်း ဆိုင်သည်။ ကံဆိုသည်မှာ အလုပ်ပင်ဖြစ်သည်။ ထိုကြောင့် အလုပ်ကြိုးစား လေလေ ကံကောင်းလေလေဟု မှတ်ယူနိုင်ကြောင်း ရေးသား တင်ပြလိုက်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly