အာဖဂန်မှ ပစ်လွှတ်လိုက်သော ဒုံးကျည်များက ဥဇဘတ်ကစ္စတန်နိုင်ငံဘက်သို့ ကျရောက်

By The Khaama Press
12 July 2022
အာဖဂန်မှ ပစ်လွှတ်လိုက်သော ဒုံးကျည်များက ဥဇဘတ်ကစ္စတန်နိုင်ငံဘက်သို့ ကျရောက်

အာဖဂန်နစ္စတန်ဘက်မှ ပစ်လွှတ်လိုက်သည်ဆိုသော ဒုံးကျည် ၅စင်းက ဇူလိုင် ၅ ရက်တွင် ဥဇဘတ်ကစ္စတန်နိုင်ငံ၏ တောင်ဘက် တာမက်ဇ် နယ်စပ်မြို့အနီး ကျရောက်ခဲ့ကြောင်း ဥဇဘတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

“ဇူလိုင် ၅ ရက် ညနေ ၄ နာရီ မိနစ် ၂၀ လောက်မှာ အာဖဂန်နစ္စတန် နယ်မြေထဲကနေ ပစ်လိုက်တယ်လို့ ယူဆရတဲ့ ဒုံးကျည်ငါးစင်းဟာ ဥဇဘတ်ကစ္စတန်ရဲ့ နယ်စပ် နယ်မြေထဲ ကျရောက်ခဲ့ပါတယ်။

နောက်ဆက်တွဲ ပေါက်ကွဲမှုတွေတော့ မရှိခဲ့ပါဘူး။ သေဆုံး၊ ဒဏ်ရာရမှု သတင်းလည်း မထွက်ပေါ်ခဲ့ပါဘူး” ဟု ဝန်ကြီးဌာနက ယင်း၏ တယ်လီဂရမ် ချန်နယ်တွင် ကြေညာသည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ထို ဒုံးကျည်များအနက် မည်သည့် ဒုံးကျည်မှ ပေါက်ကွဲခဲ့ခြင်း မရှိသည့်အတွက် လူ့အသက် ဆုံးရှုံးမှုများ သို့မဟုတ် ကြီးမားသည့် ထိခိုက်ပျက်စီးမှုများ မဖြစ်ပေါ်ခဲ့ဟု သိရသည်။ သို့သော် ဥဇဘတ်ကစ္စတန်၏ တောင်ဘက်မြို့ တာမက်ဇ်ရှိ ပုဂ္ဂလိက လူနေအိမ်လေးလုံးတွင် အနည်းငယ် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ဒုံးကျည်များအနက် တစ်စင်းက ဘောလုံးကွင်းတစ်ကွင်းထဲ ကျခဲ့ပြီး ပေါက်ကွဲခြင်း မရှိခဲ့ပေ။

ဖြစ်စဉ် ဖြစ်ပွားရခြင်း၏ အကြောင်းရင်းများကို စုံစမ်းသိရှိနိုင်ရန် သက်ဆိုင်ရာ ဥဇဘတ် အာဏာပိုင်များသည် အာဖဂန်ဘက်မှ တာဝန်ရှိသူများနှင့် လက်တွဲ လုပ်ဆောင်လျက် ရှိကြောင်း ဥဇဘတ်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို ဖြစ်စဉ်နှင့် ပတ်သက်ပြီး တာလီဘန် တာဝန်ရှိသူများက တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။

ယခု ဖြစ်စဉ်မတိုင်မီက ISIS ၏ ခိုရာစန် အဖွဲ့ခွဲသည် ယခုနှစ် ဧပြီလက ဥဇဘတ်ကစ္စတန်၏ နယ်နိမိတ်ထဲသို့ ဒုံးကျည် ပစ်လွှတ်မှုများ လုပ်ခဲ့ကြောင်း ထုတ်ဖော်ခဲ့သည်။ သို့သော် ယင်းအချိန်က အဆိုပါကိစ္စကို ဥဇဘတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ငြင်းဆန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly